ပြင်ဦးလွင်မှာ ကားသုံးစီး လမ်းချော်တိမ်းမှောက်လို့ ၁၈ ယောက် ဒဏ်ရာရ

မေ ၁၉- ၂၀၂၄
SN (VOM)
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံမြို့သစ်၊ မိုင်တိုင်အမှတ် (၂၆) အနီးမှာ မနေ့ မေ ၁၈ ရက်၊ ညနေ ၅ နာရီ၊ မိနစ် ၅၀ ဝန်းကျင်က မိုးရွာအပြီး လမ်းချော်လို့ ကားသုံးစီး တိမ်းမှောက်ခဲ့ကာ ၁၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ သိရပါတယ်။
ပြင်ဦးလွင်မြို့၊ နယ်မြေ (၃)၊ ပြင်စာ၊‌‌ မေမြို့-မန္တလေး (အဆင်းလမ်း) ပြင်စာဈေးတန်းအနီးမှာ ယာဉ်တိမ်းမှောက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသား ခုနစ်ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ အမျိုးသမီး ၁၀ ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အရှေ့က တွဲကားတစီးမှောက်တယ်။ သူ့အနောက်က Canter (၁၀) ပေတို မှောက်တယ်။ အဲဒီနောက်က လိုက်ထရပ်တစီးပေါ့။ လိုက်ထရပ်က လမ်းချော်ပြီး တွဲကားကိုဝင်တိုက်တယ်။ ဒဏ်ရာ ရတာကတော့ လိုက်ထရပ်နဲ့ Canter (၁၀) ပေတိုကားပေါ်ကလူတွေဖြစ်မယ်။ ဒဏ်ရာတွေက အရမ်းကြီး စိုးရိမ်စရာတော့ မရှိဘူး။ ပွန်းပဲ့လောက်နဲ့ ညိတာစွန်းတာလောက်ပဲ ရှိတာ။ ဒဏ်ရာရ ၁၈ ယောက်မှာ ကျွန်တော်တို့ ဆေးရုံပို့တာက စုစုပေါင်း ၁၂ ယောက်ပါ။ ကျန်တဲ့ ခြောက်ယောက်‌ကတော့ ဘာမှသိပ်မဖြစ်တော့ ကားနားလေးပဲနေခဲ့ကြတယ်။ ဆေးရုံပို့တဲ့ သူတွေထဲမှာ စိုးရိမ်ရ တယောက် ပါပေမယ့် အရမ်းကြီးတော့ ဒဏ်ရာမပြင်းပါဘူး” လို့ သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒီဖြစ်စဉ်မှာ ဒဏ်ရာရ စုစုပေါင်း ၁၈ ယောက်အနက် အမျိုးသား တယောက်၊ အမျိုးသမီး ၁၁ ယောက်၊ စုစုပေါင်း ၁၂ ယောက်ကို ဒေသခံ ရတနာပုံမီးသတ်တပ်ဖွဲ့နဲ့အတူ သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်း အရေးပေါ်ယာဉ် နှစ်စီး၊ ရွှေမြင်သာ လူမှုကူညီရေးအသင်း၊ ပြင်စာမှ ယာဉ် တစီး၊ အ‌ရေးပေါ်ယာဉ် စုစုပေါင်း သုံးစီးနဲ့ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးကို အချိန်မီ ပို့ဆောင် ကူညီခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကလည်း မကွေးတိုင်း၊ စလင်းမြို့နယ်၊ သာစည်ကျေးရွာအနီး စလင်း-ဆင်ဖြူကျွန်းကားလမ်း၊ မိုင်တိုင်အမှတ် (၄၁) နဲ့ (၄၂) ကြားမှာ ခရီးသည်ပို့ဆောင်ရေးယာဉ်တစီး မိုးရွာနေချိန် စလစ်ဖြစ်ကာ အရှိန်လွန် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး သုံးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW