ကနီမြို့မှာ ဆယ်ရက်ကျော် တိုက်ပွဲအတွင်း ဘာတွေဖြစ်ခဲ့သလဲ

 

မတ် ၊ ၁၄ ၊ ၂၀၂၄

SP ( VOM)

ပြီးခဲ့တဲ့ မတ် ၂ ရက်ကစလို့ မနေ့ မတ် ၁၃ ရက်အထိ မြို့တွင်း တိုက်ပွားတွေ ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကနီမြို့ခံတွေနဲ့ VOM က ဆက်သွယ်မေးမြန်းထားပါတယ်။

” ပြီးခဲ့တဲ့ မတ် ၂ ရက် မနက်အစောပိုင်းမှာ ဒေသတွင်းလက်နက်ကိုင် PDF အဖွဲ့တွေက ကနီမြို့ရဲ့ ရပ်ကွက် ၃ နဲ့ ရပ်ကွက် ၁ မြို့ရဲ့တောင်ဘက်နဲ့ အနောက်ဘက်ကနေ အဖွဲ့တွေခွဲပြီး ဝင်ရောက်လာတယ် ၊ နစက လုံခြုံရေး အဖွဲ့တွေက မြို့လယ်ပိုင်း ချင်းတွင်းမြစ်ကမ်းနဲ့ နီးတဲ့ နေရာမှာ စုဝေးအခြေပြုတယ် ၊ မြို့နယ်ထွေအုပ်ရုံးနဲ့ ရဲစခန်းက ဝန်းချင်းကပ်လျှက်ရှိတယ် ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ဝန်ထမ်း မိသားစုတွေကို ရဲစခန်းနဲ့ ထွေ/ အုပ်ရုံးထဲမှာ ခိုလှုံကြတယ် ၊ မတ် ၂ ရက် နေ့လယ်ပိုင်းမှာ အမှတ် ၁ နဲ့ အမှတ် ၃ ရပ်ကွက်တွေထဲမှာနေတဲ့ ဝန်ထမ်းတွေကို PDF အဖွဲ့က ဖမ်းခေါ်သွားတယ် ၊ အဲ့ဒီနေ့က ဝန်ထမ်းပေါင်းစုံ ၄၉ ယောက်ပါသွားတယ် ၊ ညနေပိုင်းမှာ လေကြောင်း ပစ်ကူတွေနဲ့ အမှတ် ၁ နဲ့ အမှတ် ၃ ရပ်ကွက်တွေဘက်ကို လာပစ်တယ် ၊ နေအိမ်တချို့ ပျက်စီးတယ် ၊ ၅ ရက်နေ့မှာ PDF အဖွဲ့က ရဲစခန်းနားကို ရောက်လာတယ် ၊ မြို့ပေါ်က ရုံးအဆောက်ဦး ရှစ်ခုထက်မနည်း မီးရှို့တယ် ၊ အဲ့ဒီနေ့မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ပြင်းထန်တယ် ၊ နှစ်ဘက်ထိခိုက်သေဆုံးသူ များတယ် ၊ အမှတ် ၃ ရပ်ကွက်ထဲကနေ ရေဝါချောင်းဘက်ကို သေဆုံးသူတွေရဲ့ ရုပ်အလောင်း ကား ( စည်ပင် အမှိုက်သိမ်း ဖောကား)နှစ်စီး အပြည့်သယ်သွားတယ် ၊ သေဆုံးသူ အရေ အတွက်တော့ မသိရဘူး ၊ ၈ ရက်နေ့မှာ PDF က ဒရုန်းနဲ့ မီးလောင်ဗုံးတွေကျဲချလို့ ရဲစခန်းဝန်းထဲက နှစ်ခန်းတွဲတခု မီးလောင်တယ် ၊ နောက်ပြီး အမှတ် ၁ နဲ့ ၃ ရပ်ကွက်ထဲက ဝန်ထမ်းအိမ်တွေ မီးရှို့ဖျက်ဆီးတယ် ၊ အခုဆိုရင် ကနီမြို့ရဲ့ တဝက်ကျော်က နေအိမ်တွေဟာ လက်နက်ကြီး ထိမှန်တာနဲ့ မီးရှို့ခံရလို့ ပျက်စီးကုန်တယ် ၊ ၉ ရက် ၊ ၁၀ ရက် ၊ ၁၁ ရက် သုံးရက်ဆက်တိုက် မီးရှို့ခံရတယ် ၊ ရဲတပ်ဖွဲ့ဝင် တချို့ ထိခိုက်သေဆုံးတယ် ၊ ကနီနယ်ခံ ဒုရဲမှူး ကျော်သက် ( ကနီမြို့နယ် ဒုမြို့နယ်မှူး) ဆိုသူကို PDF တွေက လက်နက်ချဖို့ အသံချဲ့စက် (ဟမ်းစပီကာ) နဲ့ အော်တယ် ၊ အဲ့ဒီနောက် လေကြောင်း ပစ်ကူတွေလာပြီး ကနီမြို့ပေါ်က ပစ်မှတ်နေရာတွေကို လာပစ်တယ် ၊ လေကြောင်းပစ်ကူ စုစုပေါင်း အကြိမ် ၅၀ ကျော်လာတိုက်တယ် ၊ အဲ့ဒီ တိုက်ခိုက်မှုကြောင့် အဆောက်ဦးတွေ ထိခိုက်ပျက်စီး တယ် ၊ ၁၂ ရက်နေ့မှာတော့ ပျက်စီးနေတဲ့ အဆောက်ဦးတွေအောက်မှာ ရုပ်အလောင်းတချို့ ပုတ်ပွနေတာကို တွေ့ရတယ် ၊ ၁၂ ရက်ညနေပိုင်းကစလို့ PDF အဖွဲ့တွေ မြို့ပေါ်ကနေ ဆုတ်ခွာသွားတယ် ” လို့ ကနီမြို့ကနေ မုံရွာဘက်ကို ထွက်ပြေးတိမ်းရှောင်လာသူ တိုက်ပွဲရှောင် တယောက်က ပြောပါတယ်။

ဒါ့အပြင် ကနီမြို့ခံ ဝန်ထမ်းဟောင်း တယောက်က

” ကနီမှာက မြို့ပြရပ်ကွက် သုံးခုရှိတယ် ၊ ကျေးရွာပေါင်း ၁၈၇ ရွာရှိတယ် ၊ ၂၀၂၁ ကစလို့ ကနီနယ်ထဲမှာ တိုက်ပွဲမဖြစ်ဘူးတဲ့ ကျေးရွာ ၄၀ ကျော်လောက်ပဲရှိတယ် ၊ ကျေးရွာပေါင်း ၁၄၀ လောက်က PDF ထိန်းချုပ်ထားတယ် ၊ ကျန် ၄၇ ရွာလောက်က ပြည်သူ့စစ်တွေက ထိန်းချုပ်ထားတယ် ၊ မြို့နယ်တခုလုံးရဲ့ လူဦးရေ သုံးပုံ ၊ နှစ်ပုံကျော်က နေရပ်စွန့်ခွာသွားကြတယ် ၊ ၂၀၂၁ ကစလို့ ကနီနဲ့ မင်းကင်းကြား ချင်းတွင်းမြစ်ကမ်းဘေးကရွာတွေ မီးရှို့ဖျက်ဆီးခံရတယ် ၊ နောက်ပြီး မှတ်မိသလောက် ကနီနယ် ချင်းတွင်းမြစ်ကြောင်းထဲမှာ နစက ရေယာဥ်တွေနဲ့ တိုက်ပွဲဖြစ်တာ အကြိမ် ၇၀ ကျော်တယ် ၊ အဲ့ဒါကြောင့် ရေလမ်းကြောင်းတွေ ပိတ်ထားရတယ် ” လို့ ပြောပါတယ်။

ကနီးမြို့နယ်ရဲ့ မြို့နယ်တခုလုံးမှာ ပညာရေးကျောင်းတွေ ပိတ်ထားရပြီး အခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပနိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက ကောလင်း ၊ ပင်လည်ဘူး ၊ ထီးချိုင့် ၊ ကနီ စတဲ့ မြို့တွေဟာ အခုဆိုရင် တိုက်ပွဲတွေကြောင့် မြို့ရဲ့ပျက်စီးဆုံးရှုံးမှူ သုံးပုံ ၊ နှစ်ပုံကျော်ခန့် ပျက်စီးသွားတယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW