မင်းသားခေါင်းပေါင်းကိုမှ ဂါဝန်နဲ့တွဲတဲ့ ဖက်ရှင်ဖန်တီးရှင် မတောင်းပန်ရင် ဥပဒေအရ အရေးယူမယ်

မတ် ၁၈ – ၂၀၂၄
SN (VOM)
သဘင်ရဲ့ ပြယုဂ် အထွဋ်အမြတ် မင်းသားခေါင်းပေါင်းကိုမှ ဂါဝန်နဲ့တွဲပြီး ဖက်ရှင်ဖန်တီးတာဟာ နိုင်ငံရဲ့ ပုံရိပ်၊ သဘင်ရဲ့ ပုံရိပ်ကို ကျဆင်းစေတဲ့အတွက် ဒီဝတ်စုံနဲ့ ပတ်သက်လို့ ဒီဇိုင်နာအနေနဲ့ ဖြေရှင်းချက်ပေးပြီး တောင်းပန်ဖို့လိုမယ်လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) အတွင်းရေးမှူး ဦးနေဝင်းက ပြောဆိုလိုက်ပါတယ်။
မနေ့ မတ်လ ၁၆ ရက်က Fashion & Artistry Exhibition Page မှာ မော်ဒယ် စင်ဒီမြတ်က ဝတ်ဆင်ပြသထားတဲ့ ဒီဇိုင်နာ ခင်စုစုအောင်ရဲ့ ဝတ်စုံနဲ့ ဒီဇိုင်းပုံကြမ်းတွေကို တရားဝင် အသိပေးခဲ့တာဖြစ်ပြီး အဲ့ဒီ့ ဝတ်စုံနဲ့ပတ်သက်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဘက်က မနေ့ မတ်လ ၁၇ ရက်မှာ စာထုတ်ပြန်ပြီး အပြင်းအထန် ရှုံ့ချခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ့ သတိပေးစာမှာ မက္ကဆီကို နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss Universe ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နိုင်ဖို့ တီထွင်ချုပ်လုပ်ထားတဲ့ ဝတ်စုံဖန်တီးမှုဟာ မြန်မာ့ဇာတ်သဘင် ယဉ်ကျေးမှုကို ထိပါး စော်ကားရာ ရောက်နေတယ်လို့ ဖော်ပြထားပါတယ်။
“သဘင်မှာ ခေတ်အဆက်ဆက် မင်းသားတွေ အမြတ်တနိုးတန်ဖိုးထားတာကတော့ မင်းသားခေါင်းပေါင်းပါ။ တချို့ဆို အိမ်မှာ ဘုရားစင်ပေါ်မှာတောင် ထားတာလေ။ အဲ့လိုမျိုး ကိုယ့်ခေါင်းပေါင်းကိုယ် မိဘလို ရိုသေတာပေါ့။ ဒါလေးက သူတို့အတွက် အလုပ်အကျွေးဖြစ်သလို ဦးခေါင်းမှာလည်း အထွဋ်အမြတ်၊ အလှလေးတွေဆင်ကြတာ။ အဲ့လို သဘင်ရဲ့ပြယုဂ်၊ တနည်းအားဖြင့်ပြောရရင် နိုင်ငံယဉ်ကျေးမှုရဲ့ ပြယုဂ်တခုဖြစ်တဲ့ ဝတ်စားဆင်ယင်မှုထဲမှာရှိတဲ့ အများကြီးလည်း လူသိထင်ရှားဖြစ်တဲ့၊ active ဖြစ်တဲ့ မင်းသားခေါင်းပေါင်းကိုမှ ဒီမော်ဒယ်လ်က ဝတ်မယ်၊ ဒီဇိုင်နာကလည်း ဒါကိုလုပ်ပေးတယ်ပေါ့။ သူတို့ကတော့ သူ့တို့အသိဉာဏ်လေးနဲ့ သူတို့ရဲ့ အတွေးလေးနဲ့ပေါ့။ လူတယောက်ရဲ့ အသိဉာဏ်လောက်လေးနဲ့ပေါ့။ နောက်တခုက ဝတ်မှာက အမျိုးသားဝတ်တဲ့ မင်းသားခေါင်းပေါင်း၊ ဝတ်မှာက အမျိုးသမီး။ သူ့ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်တဲ့အခါမှာ ရင်သားတွေက တဝက်လောက်အထိ ပေါ်နေတာမျိုး တွေ့ရတယ်။ နောက်တခုက ပူးတွဲဝတ်ဆင်မှာက တောင်ရှည်လည်း မဟုတ်ဘူး။ ထမီလိုမျိုးချုပ်ထားတယ်ဆိုတော့ ဒါတွေက ဖျက်လို့ဖျက်ဆီးလုပ်ရာ ရောက်တယ်။ သူတို့ဘာသာသူတို့ ဘယ်ရည်ရွယ်ချက်နဲ့ပဲ လုပ်လုပ်၊ လူတယောက်က ဦးနှောက်သေးသေးလေးနဲ့ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးပြီး လုပ်တဲ့အခါမှာ ဖျက်လို့ဖျက်ဆီး ဖြစ်ပါတယ်။ အဲ့တော့ နိုင်ငံရဲ့ ပုံရိပ်၊ သဘင်ရဲ့ပုံရိပ် ကျဆင်းစေပါတယ်။ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ရဲ့ ပြယုဂ်တခုကို ဒါက ဖျက်ဆီးသလိုဖြစ်တဲ့အတွက် သဘင်အစည်းအရုံးက လက်မခံပါဘူး။ တားမြစ်ပါတယ်” လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) အတွင်းရေးမှူးက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဒီဇိုင်နာ ခင်စုစုအောင်အနေနဲ့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) ဆီ တရားဝင် စာပို့ပြီး တောင်းပန်စေလိုတဲ့အပြင် ကိုယ့်ရဲ့အမှားကို အများပြည်သူသိအောင် Public မှာ ပြန်လည် ရှင်းပြ‌ပေးစေလိုတယ်လို့ သူက ပြောပါတယ်။
“ဒါနဲ့ ပတ်သက်လို့ ကျွန်တော်တို့ သူတို့ကို အီးမေးလ်ပို့ထားပါတယ်။ သူတို့ဘက်ကတော့ ဘာမှ စာပြန်ပို့လာတာမျိုး မရှိသေးဘူး။ သူတို့ page မှာတော့ ပြန်ဖျက်သွားတာ တွေ့တယ်။ ဘေးကနေ လူငယ်လေးတွေတချို့က နားမလည်ဘဲနဲ့ ဝင်ရေးတာတွေလည်း ရှိတယ်။ ဒါလေးတွေက ပြဿနာတော့ မရှိပါဘူး။ ကျွန်တော်တို့ဘက်ကတော့ ပြည်သူသိအောင်၊ နိုင်ငံသိအောင် ချပြထားတယ်၊ ကြေညာထားတယ်။ ပြီးရင် အရေးယူလို့ရတဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနတို့၊ နောက်တခါ ပြန်ကြားရေးဝန်ကြီးဌာနတို့ကိုလည်း အကြောင်းကြားထားတယ်။ သူတို့ဘက်ကဒါကို စေတနာအမှား ဖြစ်ပါတယ်ဆိုပြီး စာကိုလှအောင်ရေးပြီး ပြေလည်အောင် ဖြေရှင်းလို့ ရပါတယ်။ မော်ဒယ်လ်က မိန်းကလေးဖြစ်ပေမယ့် မင်းသားလေးလိုဝတ်ပြီး မင်းသားခေါင်းပေါင်းနဲ့ဆိုရင်လည်း ရပါတယ်၊ ပြဿနာမရှိပါဘူး။ အခုက မင်းသားခေါင်းပေါင်းနဲ့ ရင်သားကြီးက တဝက်လောက် ဖော်ထားတာကျတော့ အဆင်မပြေဘူး။ ပုဆိုးတောင်ရှည်လည်း ဖြစ်ဖို့လိုတာပေါ့။ တီထွင်မှုဆိုတာမှာ ထွင်ရင်းထွင်ရင်းနဲ့ အလွဲတွေဆီရောက်ပြီး ဗရုတ်သုက္ခတွေဖြစ်ပြီးတော့ ကျွန်တော်တို့ရဲ့ ရိုးရာယဉ်ကျေးမှုကို ဖျက်ဆီးသလို ဖြစ်တာပေါ့။ အဲ့ဒါကြောင့် ကျွန်တော်တို့ကဒါကို တားမြစ်ထားတယ်၊ ဒါကို သူတို့ဘက်က ကျွန်တော်တို့ဆီ တရားဝင် ဖြေရှင်းချက် ပေးဖို့လိုမယ်၊ တောင်းပန်ဖို့ လိုမယ်။ ဆက်ပြီးတော့ လုပ်မယ်ဆိုရင် တည်ဆဲဥပဒေတွေအရ အရေးယူဆောင်ရွက်မယ်” လို့ သူက ပြောပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ FAE ဘက်က သူတို့ရဲ့ page မှာ တင်ထားတဲ့ ပုံနဲ့ စာတွေကို မနေ့ မတ်လ ၁၇ ရက်မှာပဲ ဖြုတ်ချသွားခဲ့ပြီး အသိပေးကြေညာချက် ပြန်လည် ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီ့ ကြေညာချက်မှာ FAE : Fashion & Artistry Exhibition ပွဲအတွက် Designer Khin Su Su Aung ရဲ့ “ Leading Actor of Myanmar Zat Opera Show” design မှာ စိတ်ကူးယဉ် တီထွင်ဖန်တီးမှု သက်သက်သာဖြစ်ပြီး မည်သူ တဦးတယောက် (ဒါမှမဟုတ်) အဖွဲ့အစည်းကို စော်ကားလိုစိတ် အလျဉ်းမရှိဘူးလို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် အများရဲ့ မှတ်ချက်ကို အလေးထားတဲ့အတွက်ကြောင့်လည်းကောင်း၊ အဖွဲ့အစည်းရဲ့ သတိပေးတားမြစ်ချက်ကို လေးစားသောအားဖြင့်လည်းကောင်း ဖန်တီးထားတဲ့ပုံကို ဖြုတ်ချလိုက်တယ်လို့ ကြေညာထားပါတယ်။
ဆက်လက်ပြီး အဲ့ဒီ့ ကြေညာချက်မှာ “ဒီဖန်တီးမှုဟာ ပါဝင်ပတ်သတ်တဲ့ သူတွေနဲ့ မဆိုင်ဘဲ ဒီဇိုင်နာရဲ့ တီထွင်ဖန်တီးမှုသာ ဖြစ်ပါတယ်။ အခု Design ဟာ Miss Universe Myanmar နဲ့ မသက်ဆိုင်ဘဲ Mood board ဖန်တီးမှု သက်သက်သာဖြစ်ပါတယ်။ အခုပုံကို မည်သူတဦးတယောက် (ဒါမှမဟုတ်) အဖွဲ့အစည်းကို ထိခိုက်မှုမရှိဘဲ ပြန်လည်ဆန်းသစ်ပြီး ဖန်တီးသွားမှာဖြစ်တယ်” လို့ ထပ်မံ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်က Fashion & Artistry Exhibition Page မှာ ဒီဝတ်စုံနဲ့ ပတ်သက်ပြီး အသိပေးခဲ့စဉ်ကတော့ Collection Name: “Universe In Carnival” , Inspiration: 2024 Mexico မှာ ပြုလုပ်မယ့် Miss Universe အတွက် ကြိုပြင်ဆင်တဲ့ theme ကို နောက်ခံထားပြီး မြန်မာ့ပွဲဈေးကို inspired ယူထားခြင်းဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။
VOM Viber Channel: https://invite.viber.com/…
VOM Website Link: http://tinyurl.com/ywyd7eyn

Related posts

Leave a Comment

VOM News

FREE
VIEW