မတ်၊ ၂၁ ၊ ၂၀၂၄
TT (VOM)
မွန်ပြည်နယ် ၊မော်လမြိုင်ခရိုင် ၊ သံဖြူဇရပ်မြို့နယ် ရဲ့ တောင်ဘက် ရှစ်မိုင်းလောက်ဝေးတဲ့ ပင်လယ် ကမ်းခြေမှာရှိတဲ့ ဂရုပ္ပိကျေးရွာနဲ့ အံခဲကျေးရွာက ရွားသားလေးယောက်ဟာ အလှူပွဲအတွက် စျေးဝယ်ဖို့ သံဖြူဇရပ်မြို့ကို သွားရာကနေ ဒီကနေ့အထိ ရွာပြန်ရောက်မလာပဲ ပျောက်ဆုံးနေတယ်လို့ နယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” ဆက်သွယ်မရ ပျောက်ဆုံးသူ လူလေးယာက်က ဂရုပ္ပိကျေးရွာက နိုင်သန်းဇော် နဲ့ နိုင်အကျဲ နှစ်ယောက်ဖြစ်တယ် ၊ နောက်ပြီး အံခဲကျေးရွာက နိုင်ကွန်းတီး၊ နိုင်ကွန်းတင့် ဖြစ်တယ် ၊ အဲ့ဒီလူ ပေါင်းလေးယောက် ပျောက်နေတယ် ၊ ပြီးခဲ့တဲ့ မတ် ၆ ရက်က အလှူပွဲလုပ်ဖို့အတွက် မြို့တက်ပြီး စျေးဝယ်သွားရင်း ပျောက်ဆုံးနေတာဖြစ်တယ် ၊ ဒီမနက်အထိတော့ ဆက်သွယ်မရသေးဘူး ၊ အဲ့ဒီ လူလေးယောက်ပျောက်ဆုံးတာနဲ့ ပတ်သက်ပြီး သူတို့ မိသားစုတွေက နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီ အကူညီတောင်းထားတယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
မိသားစုဝင်တယောက်က ” ဆက်သွယ်မရ ပျောက်ဆုံးနေတဲ့သူတွေက အသက်အရွယ်အားဖြင့် ၄၀ ကျော် ၅၀ အရွယ်တွေဖြစ်တယ် ၊ မတ် ၆ ရက်နေ စပြီးပျောက်ဆုံးနေတာဖြစ်တယ် ၊ အခုထိ ဆက်သွယ်မရသေးဘူး ၊ အဲ့ဒါကြောင့် ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီ ကူညီပေးဖို့ တောင်းခံထားတယ် ၊ နောက်ပြီး ပျောက်ဆုံးနေတဲ့ သူတွေ အခါတိုင်းက သွားလာတတ်တဲ့နေရာတွေ အကုန်လုံး သွားရောက်စုံစမ်းပြီးပြီ ၊ ဘာမှ အကြောင်းမထူးဘူး ၊ ပြီးခဲ့တဲ့ မတ် ၁၇ ရက်က ရေးမြို့နယ် ၊ လမိုင်းမြို့နယ်ခွဲ ၊ ကြိုးတံတားကျေးရွာနဲ့ စံပြကျေးရွာအကြား ရေး – သံဖြူရပ် ကားလမ်းမှာ တရက်တည်းမှာ လူသတ်မှု နှစ်ကြိမ်ဖြစ်ပွားပြီး သေဆုံးသူ ရုပ်အလောင်းတွေကို ဒေသခံ လူမှုကူညီရေး အသင်းတွေက ကောက်ယူပြီး လမိုင်းမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သတင်းဌာနတွေ (VOM)က ထုတ်ပြန်တာတွေ့ရလို့ ပရဟိတသမားတွေကို ကူညီတောင်းပြီး အဲဒီ အလောင်းတွေကိုသွားကြည့်တယ် ၊ အခုပျောက်ဆုံနေတဲ့ လူလေးယောက် မပါဘူး ၊ အဲဒါကြောင့် မြို့နယ်မှာရှိတဲ့ ရဲစခန်းတွေ ၊ စစ်တပ်တွေကိုစုံစမ်းကြည့်တော့ သူတို့ကူညီပေးမယ် ၊ အခုထိတော့ စုံစမ်းမရသေးဘူး ” လို့ပြောပါတယ်။
နိုင်ငံအဝှမ်းမှာ ဒီရက်ပိုင်းအတွင်း ကလေး ၊ လူကြီး ပျောက်ဆုံးနေတဲ့ သတင်းတွေကို လူမှုကွန်ရက်ပေါ်မှာ နေ့စဥ်နီးပါးတွေ့နေရပါတယ်။
အဲ့ဒီလို လူပျောက်မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းနဲ့ နီးစပ်ရာ လူကုန်ကူးမှု တားဆီးနှိမ်နင်ရေး အဖွဲ့တွေဆီကို တိုင်တန်းအကြောင်းကြားဖို့ လိုအပ်တယ်လို့ တရားရေးအသိုင်းအဝိုင်းက အကြံပြုထားပါသေးတယ်။
Photo Crd: Original Uploader