ကောလင်းနယ်မှာ တိုက်ပွဲရှောင်ရတာ ရက်ကြာလာလို့ စားဝတ်နေရေး ခက်ခဲလာ

မတ် ၊ ၂၂ ၊ ၂၀၂၄
SP (VOM)
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်စပြီး ဒီကနေ့အထိ တိုက်ပွဲရှောင်နေရတဲ့ စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့နယ်က ဒေသခံတွေဟာ တိုက်ပွဲရှောင်ရတဲ့ရက် ရှည်ကြာလာတာနဲ့အမျှ စားဝတ်နေရေးတွေခက်ခဲလာတဲ့အပြင် ကျန်းမာရေးအတွက်ပါ ထိခိုက်လာနေတာကြောင့် ကူညီပေးမှုတွေပေးဖို့ လိုအပ်လာနေတယ်လို့ ပရဟိတသမားတွေဆီက သိရပါတယ်။
ေဒသခံ ပရဟိတ သမားတယောက်က
” ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကစလို့ ကောလင်းဒေသခံတွေ တိုက်ပွဲရှောင်ဖို့ ထွက်ပြေးနေရတယ် ၊ ဖေဖော်ဝါရီ ၇ ရက်ကနေ ၂၀ ရက်ကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ် ၊ အဲ့ဒီနောက် ဖေဖော်ဝါရီ ၂၀ နောက်ပိုင်း ကောလင်းမှာ အခြေပြုတဲ့ စစ်ကြောင်းတွေက ယာယီတိုက်ပွဲရှောင်တွေ နေရပ်ပြန်လာကြဖို့ အသံချဲ့စက်တွေနဲ့ အသိပေးတယ် ၊ အဲ့ဒီလို ပြန်လာမယ့် သူတွေက ကောလင်းမြို့ခံ ၊ နယ်ခံဖြစ်ကြောင်း အထောက်အထားပါရမယ် ၊ ဥပမာ အိမ်ထောင်စုစာရင်း ၊ မှတ်ပုံတင် စတာတွေ တင်ပြနိုင်ရမယ်လို့ သတင်းတွေကြားရတော့ ၊ လူအများစုက လိုအပ်တဲ့ အထောက် အထား စာရွက်စာတမ်းပြနိုင်ဖို့ အခက်အခဲရှိကြတယ် ၊ ဘာကြောင့်ဆိုရင် လူများစုက တိုက်ပွဲရှောင်ဖို့ ပြေးလာကြတဲ့အခါ ၊ အဲ့ဒီ စာရွက် စာတမ်းတွေ ပါမလာကြဘူး ၊ အိမ်မှာကျန်နေခဲ့ကြတယ် ၊ နောက်ပြီး အိမ်အများစုက မီးထဲပါသွားတော့ သူတို့တောင်းတဲ့ ၊ တင်ပြခိုင်းတဲ့ စာရွက်စာတမ်းတွေ မီးထဲပါသွားတာကြောင့် တင်ပြနိုင်မှုမလွယ်ကြဘူး ၊ အဲ့ဒါကြောင့် တိုက်ပွဲရှောင် လူအများစုအခုထိ မပြန်ရဲကြတာဖြစ်တယ်၊ အဲ့ဒါကြောင့် ယာယီတိုက်ပွဲရှောင်တွေ အခုလို ရက်ကြာရှည် နေရတာဖြစ်တယ်။
အဲ့ဒီလို ဖြစ်နေတဲ့ ရွာတွေကတော့ ကြားရသလောက် ကျောက်ပြင်သာ ၊ ညောင်ပင်သာ ၊ မင်းကုန်း ၊ ဆီဆုံ ၊ မင်းချမ်း၊ အင်းဗုဒ်ကုန်း ၊ ကျွန်းလှခုံ ၊ ခွင့်တောင်း ၊ လက္ပံကွေ့ ၊ ကျူတော၊ ရွာမ ၊ စံတော်ရာကုန်း ၊ ဆေးမင်းခုံ၊ ဆိုင်ဒူး ၊ ဝါးရုံခုံ၊ ဇီးခုံ ၊ ညောင်ဝန်း၊ သရက်ခုံ ၊ ဆည်တို၊ မြေနီ ၊ ညောင်ကိုင်း စတဲ့ ဒေသဘက်က လူတွေဖြစ်ပါတယ်။
ကောလင်းကနေ မုံရွာဘက်ကို တိုက်ပွဲရှောင်လာသူ တယောက်က
” ကောလင်းနယ်မှာက ယာယီတိုက်ပွဲရှောင်ဖို့ဆိုရင် နီးစပ်ရာ တောတောင်တွေထဲသွားနေရတယ် ၊ တိုက်ပွဲရှောင်စခန်းဆိုပြီး တသီးတခြား မရှိဘူး ၊ ကိုယ့်အစီစဥ်နဲ့ ကိုယ်နေရတယ် ၊ အခုဆိုရင် တိုက်ပွဲရှောင်ရက် တလကျော်လာပြီဖြစ်တယ် ၊ ပြီးခဲ့တဲ့ လတုန်းက ၁၇ ရက်ဝန်းကျင်လောက်မှာ တိုက်ပွဲရှောင်တွေ ဝမ်းရောဂါဖြစ်လို့ သေဆုံးတာတွေရှိတယ် ၊ တနယ်လုံးပေါင်း လူ နှစ်ဆယ်နီးပါးသေတယ် ၊ တိုက်ပွဲရှောင်ပြေးလာစဥ်က ယူဆောင်လာတဲ့ စားသောက်စရာတွေ ပြတ်လပ်ကုန်ပြီဖြစ်တယ် ၊ နီးစပ်ရာ ရွာတွေကနေ စပါးအကြွေးယူပြီး စားနေရတာများတယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီလို တိုက်ပွဲရှောင်တွေ ရက်ကြာရှည်လာတဲ့အတွက် စားဝတ်နေရေး ခက်ခဲလာတယ်ဆိုတာ ကောလင်းတနယ်တည်းတော့မဟုတ်ပါဘူး ၊ ပင်လည်ဘူးနဲ့ ထီးချို့နယ်ဘက်တွေမှာလည်း အလားတူ ဖြစ်စဥ်တွေရှိတယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် ကောလင်း ၊ ပင်လည်ဘူးနဲ့ ထီးချိုင့်နယ်ဘက်က ယာယီတိုက်ပွဲရှောင်တွေကို တတ်နိုင်သလောက် ကူညီပေးကြဖို့ လူမှုကွန်ရက်ပေါ်မှာ တိုက်တွန်းနိုးဆော်ထားတာကို တွေ့ရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW