ရွှေပြည်သာက မီးဘေးသင့်ပြည်သူ ၁၀၀ ကျော်အတွက် အကူအညီ များစွာ လိုအပ်နေ



မေ ၄ – ၂၀၂၄
SN (VOM)

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က မီးဘေးသင့်ပြည်သူ ၁၀၀ ကျော်အတွက် အကူအညီ များစွာ လိုအပ်နေတယ်လို့ ဒီဖြစ်စဉ်မှာ သွားရောက်ကူညီေနတဲ့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်၊ နေ့လယ် ၁၂ နာရီ၊ ၄ မိနစ်ဝန်းကျင်က ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ မဉ္ဇူလမ်းနဲ့ ဗေဒါလမ်းထောင့်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အိမ်ခြေ ၂၆ လုံး မီးလောင်ဆုံးရှုံးခဲ့ကာ မီးဘေးသင့်ပြည်သူ ၁၁၂‌ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

“လက်ရှိမှာ သူတို့တွေအတွက် အလှူရှင်တွေရှိတယ် ဆိုပေမယ့် လုံလောက်တဲ့အနေအထားတော့ မဟုတ်သေးဘူးပေါ့။ နေရေးထိုင်ရေးအတွက် အလှူငွေတွေလည်း လိုအပ်တယ်။ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ အဝတ်အစား အဲ့ဒါတွေလည်း လိုအပ်တယ်။ ပြီးတော့ အမျိုးသမီးတွေအတွက် လိုအပ်မယ့် အသုံးအဆောင်ပစ္စည်းတွေ၊ တကိုယ်ရည်သုံး အဝတ်အထည်တွေ၊ ဒါမျိုးတွေ လှူဒါန်းတာမျိုးလည်း မတွေ့ရသေးပါဘူး” လို့ ဒီဖြစ်စဉ်မှာ သွားရောက်ကူညီနေတဲ့ ဒေသခံတယောက်က ပြောပါတယ်။

မီးဘေးသင့်ပြည်သူတွေကို ကနဦးအနေနဲ့ ရွှေပြည်သာရွာမကျောင်းတိုက်မှာ ကယ်ဆယ်ရေးစခန်းဖွင့်ပြီး ထားရှိခဲ့ပေမယ့် လက်ရှိမှာတော့ ရွှေပြည်သာမြို့နယ်အတွင်းက သင့်တော်ရာ နေရာတွေမှာ နေရာချထားတယ်လို့ သိရပါတယ်။

“အခုတော့ ဘုန်းကြီးကျောင်းမှာ ကယ်ဆယ်ရေးစခန်းအနေနဲ့ မရှိတော့ဘူး။ အတတ်နိုင်ဆုံး သူတို့တွေကို နေရာချထား ဆောင်ရွက်ထားတာ ရှိတယ်။ အဆောင်လို၊ လိုင်းခန်းလို နေရာမျိုးတွေမှာ လက်ရှိ ထားထားပါတယ်။ လူအကုန်လုံး တနေရာတည်း ထားတာတော့ မဟုတ်ဘူးပေါ့။ သူ့နေရာနဲ့သူ အဆင်ပြေနိုင်မယ့် အဆောင်တွေမှာ ခွဲပြီးထားတာပါ။ အဓိက ကတော့ ငွေရေးကြေးရေး လှူဒါန်းနိုင်မှုရှိမယ်ဆိုရင်တော့ သူတို့ဘဝအတွက် နေထိုင်ရေးမှာ အထောက်အကူ ဖြစ်နိုင်မယ်ထင်ပါတယ်” လို့ သူက ပြောပါတယ်။

မီးလောင်ပျက်စီးခဲ့တဲ့ နေအိမ်တွေဟာ မဉ္ဇူသကလမ်းနဲ့ ဗေဒါလမ်းထောင့် မြေကွက်အလွတ်မှာ မြေငှားပြီး အိမ်ဆောက်နေထိုင်ကြတဲ့ အိမ်ငယ်လေးတွေ ဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူ‌တွေဆီက သိရပါတယ်။

အဲဒီ ဖြစ်စဉ်ဟာ ထင်းမီးကတဆင့် မတော်တဆ မီးလောင်ခဲ့တာဖြစ်တယ်လို့ သိရပြီး Level 1အဆင့်ရှိကာ မီးငြှိမ်းသတ်ချိန် နာရီဝက်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ကြောင့် မီးဘေးသင့်ခဲ့တဲ့ ပြည်သူတွေအတွက် မိမိဆီက ပိုတဲ့ ပစ္စည်းလေးတွေကို တတ်နိုင်သလောက် မျှဝေလှူဒါန်းပေးကြဖို့ ဒေသခံ လူမှုကူညီရေးအသင်းတွေက နှိုးဆော်ထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW