ကျိုက်မရော ဓမ္မသရွာမှာ မီးငြိမ်းသွားပေမယ့် တိုက်ပွဲကြောင့် ဒေသခံတွေပိတ်မိ၊ မီးလောင်မှုမှာ အိမ်ခြေ ၃၀၀ ကျော်ပျက်စီးခဲ့

ရန်ကုန် – မတ် – ၂၈ – ၂၀၂၄
GG (VOM)
မွန်ပြည်နယ် ၊ကျိုက်မရောမြို့နယ်ထဲက ဓမ္မသရွာမှာ မီးငြိမ်းသွားပေမယ့် ရွာထဲမှာ PDF နဲ့ စစ်တပ်အကြား တိုက်ပွဲတွေဖြစ်ပြီး ပစ်ခတ်မှုဖြစ်နေလို့ ဒေသခံရွာသားတွေ ပိတ်မိနေတယ်လို့ ဓမ္မသ ရွာဒေသခံတွေဆီကသိရပါတယ်။
တိုက်ပွဲတွေကြောင့် ကြောင့် မီးဘေးသင့်ပြည်သူတွေရော၊ ရွာထဲမီးမလောင်ဘဲ ကျန်နေတဲ့နေအိမ် တွေကို စောင့်ရှောက်ဖို့ကျန်ခဲ့တဲ့ ဒေသခံတွေပါ ရွာအပြင်ကိုထွက်မရဘဲ ရွာထဲမှာပိတ်မိနေကြတာဖြစ်ပြီး အစားအသောက်၊ သောက်ရေတွေ လိုအပ်နေတယ်လို့ဆိုပါတယ်။
” မီးက ညတုန်းကလောင်နေချိန် ဘာမှမတတ်နိုင်လို့ထားခဲ့လိုက်ရတယ်၊မနက်ကျတော့ငြိမ်းသွားပြီ။ ရွာရဲ့ သုံးပုံ တပုံလောက်တော့ပါသွားတယ်။မီးငြိမ်းမှ သေချာသိရတာကိုး၊ ရွာထဲပိတ်မိနေသူတွေရှိနေပါတယ်။ စားစရာတွေလိုနေတယ်။အခုအပြင်ကိုထွက်မရပါဘူး။မီးဘေးသင့်သူတွေရော ၊ရွာခံတွေရောအကုန် ဒုက္ခရောက်နေပါတယ်။” လို့ ဓမ္မသရွာဒေသခံကပြောပါတယ်။
လက်ရှိအချိန်ထိလည်း တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်လို့ နေအိမ်တွေပေါ်လက်နက်ကြီးကျည်ကျပြီး ထပ်မံမီးလောင်မှုဖြစ်ပွားမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။
ကော့ကရိတ်၊ ကော့ဘိန်းမြို့မှာ ဖြစ်နေတဲ့ စစ်တပ်နဲ့ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲကြောင့် ဓမ္မသရွာထဲကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာမီးလောင်ကျွမ်းခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ တိုက်ပွဲက ဓမ္မသရွာထဲအထိ ဖြစ်ပွားလာနေတာဖြစ်တယ်လို့သိရပါတယ်။
” ခုထိချနေတုန်းပဲ ။ အပြင်မထွက်ရဲကြဘူး။အသံတွေကြားနေရတယ်။မီးကခုငြိမ်းသွားပေမယ့် လက်နက်ကြီးကျရင်ထပ်လောင်မှာကို ကြောက်ရတယ်။ကူညီကြပါအုံး ” လို့နောက်ထပ် ဓမ္မသဒေသခံက ပြောပါတယ်။
ဓမ္မသရွာမီးလောင်မှုက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲရာကနေ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ် ပြီး မနေ့က မတ်လ ၂၇ ရက်နေ့ညနေ ၃ နာရီခွဲလောက်ကတည်းကနေ တညလုံးမီးလောင်ကျွမ်းပြီးနောက် မနက်ပိုင်းမှာ မီး ငြိမ်းသွားတာဖြစ်ပါတယ်။
အဆိုပါမီးလောင်မှုကြောင့် ဓမ္မသ ရွာမှာအိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိတဲ့အနက် အိမ်ခြေ ၃၀၀ ကျော်လောက် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီး လူထိခိုက်ဒဏ်ရာရသူ အချို့ရှိခဲ့တယ်လို့သိရပါတယ်။
ဓမ္မသရွာရဲ့ ၄ လမ်းကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ် ပြီး အဲ့ဒီကမှတဆင့် ၅လမ်း၊ ၇လမ်း၊ ၈ လမ်း၊ ၁၀ လမ်း အပါအဝင် လေသင့်ရာ နေအိမ်တွေကို မီးထပ်မံကူးစက်ကာလောင်ကျွမ်းကာ ပျက်စီးဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW