မိတ္ထီလာမှာ ဝန်ထမ်းကြိုပို့ကားနဲ့ တပ်ပိုင်ကားတိုက်မိလို့ တယောက်သေ ၊ ၂၆ ယောက် ဒဏ်ရာရ

မတ် ၊ ၂၈ ၊ ၂၀၂၄
SP ( VOM)

မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မိတ္ထီလာမြို့၊တောမကျေးရွာအုပ်စုနားက မိတ္ထီလာ – သာစည် ကားလမ်း ၊ မဟာစည်တိုးချဲမှာ ဒီကနေ့ ညနေပိုင်းက ကားနှစ်စီးတိုက်မိရာက သေဆုံး ၊ ဒဏ်ရာရသူတွေ များပြားခဲ့တယ်လို့ ကူညီပေးခဲ့တဲ့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ပရဟိတ သမားတယောက်က ” ချည်မျှင်စက်ရုံက ဝန်ထမ်းကြို/ပို့ကားနဲ့ တပ်ပိုင်ယာဥ်နံပါတ် တပ်ဆင်ထားတဲ့ ကားတစီးနဲ့ တိုက်မိတယ် ၊ အဲ့ဒီ ယာဥ်နှစ်စီးတိုက်မိတဲ့ကြားမှာ ၊ ကြားညှပ်ပြီး စက်ဘီးစီးလာတဲ့ သူတစ်ယောက်သေးဆုံးတယ် ၊ ဝန်ထမ်းကြိုပို့ ကန်တာကားပေါ်မှာလိုက်ပါလာတဲ့ ဝန်ထမ်း ၂၆ ယောက် ဒဏ်ရာရတယ် ၊ အခု မိတ္ထီလာပြည်သူ့ဆေးရုံမှာ အရေးပေါ် ဆေးကုသခံနေတယ် ” လို့ ပြောပါတယ်။

သတင်းမှတ်တမ်းတွေအရ အခင်းဖြစ် ယာဥ်နှစ်စီးဟာ တပ်ပိုင်ယာဥ်နံပါတ် တပ်ဆင်ထားတဲ့ ကားတစီးနဲ့ ကန်တာ ယာဥ်တစီးဖြစ်တယ်ဆိုပေမယ့် အခင်းဖြစ်တဲ့ကားတွေဟာ ဘယ်ကဆိုတာ VOM အနေနဲ့ သီးခြားအတည်ပြုပေးနိုင်တာ မရှိပါဘူး။

ခုတလော နိုင်ငံအဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ ယာဥ်မတော်တဆမှုဖြစ်စဥ်တွေမှာ ဘုရားဖူးကားတွေပါဝင်သလို ၊ အဲ့ဒီဖြစ်စဥ်တွေကို သွားရောက်ကူညီကယ်ဆယ်ပေးတဲ့ ပရဟိတသမားတွေပါ နောက် ဆက်တွဲ သေဆုံး၊ ဒဏ်ရာရတဲ့ ဖြစ်စဥ်တွေပါ ထပ်မံပေါ်ပေါက်ရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

အဲဒီဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး ပရဟိတသမားတယောက်က ” ပြီးခဲ့တဲ့လတွေထက် ဒီလက ယာဥ်မတော်တဆမှုဖြစ်စဥ်တွေပိုများလာတယ် ၊ အဲဒီ ယာဥ်မတော်တဆမှုဖြစ်စဥ်တွေမှာ အခင်းဖြစ်နေရာကို သွားရောက် ကယ်ဆယ်ကူညီပေးတဲ့ ပရဟိတသမား တချို့ပါ နောက်ဆက်တွဲ သေဆုံးရတာတွေရှိနေတယ် ” လို့ ပြောပါတယ်။

ရမည်းသင်းမြို့ခံတယောက်က ” ပြီးခဲ့တဲ့ မတ် ၂၂ ရက် ညနေပိုင်းက ရမည်းသင်းမြို့နယ်၊ စံပြ – မြင်းနားကျေးရွာ၊ ရွှေမြင်တင်တောင်တက်လမ်းမှာ မိသားစု ဘုရားဖူးကားတစီး ဘရိတ်ပေါက်ပြီး တိမ်းမှောက်တယ် ၊ အဲ့ဒီ တိမ်းမှောက်တဲ့ဖြစ်စဥ်မှာ ဘုရားဖူးတယောက်သေဆုံးပြီး ၊ကျန်လူတချို့ ဒဏ်ရာရကြတယ် ၊ အဲဒီ ကားမှောက်တဲ့နေရာကို ကူညီကယ်ဆယ်ပေးဖို့ ပရဟိတသမားတွေ ရွှေမြင်တင်တောင်ပေါ်ကိုတက်သွားတယ် ၊ အဲ့ဒီလို ရွှေမြင်တင်တောင်ပေါ်ကို ကားမှောက်တဲ့ကိစ္စ ကူညီပေးဖို့တက်သွားတဲ့အဖွဲ့ထဲမှာ ရမည်းသင်း မြို့နယ်် မီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးတွေလည်းပါတယ် ၊ အဖွဲ့ထဲက သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ကိုကျော်ဇင်ဝင်း ဆိုသူဟာ ကျန်းမာရေး မကောင်းတဲ့ကြားက ဘုရားဖူးကားမှောက်တာကို ကယ်ဆယ်ကူညီပေးဖို့ဆိုပြီးလိုက်ပါလာခဲ့တယ် ၊ ဒီအချိန် ရွှေမြင်တင်တောင်တက်လမ်းမှာ အမောဖောက်ပြီး သူသေဆုံးသွားတယ် ” လို့ပြောပါတယ်။

ကားမှောက်တဲ့ဖြစ်စဥ်ကို ကူညီကယ်ဆယ်ပေးဖို့သွားရင် သေဆုံးရတဲ့ ကိုကျော်ဇင်ဝင်းဆိုသူဟာ ရမည်းသင် မြို့နယ်မီးသတ်တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသလို သူ့ဇနီးနဲ့သားတယောက်ရဲ့ မိသားစုတာဝန်ကိုလည်း ဆောင်ရွက်နေရသူဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

ယာဥ်စည်းကမ်း ၊ လမ်းစည်းကမ်း ကြီးကြပ်မှုကော်မတီရဲ့ ထုတ်ပြန်ချက်တွေအရ ဒီနှစ်အတွင်း ပြီးခဲ့တဲ့ ဇန္နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၂၉ ရက်အထိ တနိုင်ငံလုံး အတိုင်းအတာနဲ့ ယာဥ်မတော်တဆမှု ဖြစ်စဥ် ၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ၊ အဲ့ဒီ ဖြစ်စဥ်တွေထဲမှာ သာသနာ့ဝင် ကားအမျိုးအစား (ဘုရားဖူးယာဥ်) ရှစ်စီးပါဝင်ကာ ၊ ယာဥ်မတော်တဆမှုဖြစ်စဥ်တွေကြောင့် ခရီးသွားပြည်သူ ၂၇ ယောက်ထက်မနည်း သေဆုံးပြီး ၊ လူ ၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ မိတ္ထီလာ ယာဥ်တိုက်မှုဖြစ်စဥ် (ဒေသခံတဦး)

Related posts

Leave a Comment

VOM News

FREE
VIEW