ရန်ကုန်-မော်လမြိုင်လမ်းမှာ လူနာတင်ယာဥ် ပစ်ခတ်ခံရပြီး နှစ်ယောက်ထိခိုက်ခဲ့တာမို့ အသင်းရဲ့ကူညီရေးတွေ ယာယီရပ်မယ်

မတ် ၂၈ – ၂၀၂၄
GG (VOM)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကမာဆိုင်ကျေးရွာ၊ ရန်ကုန်- မော်လမြိုင်ကားလမ်းမပေါ်မှာ လူနာတင်ယာဥ်တစီးပစ်ခတ်ခံရပြီး ကားပေါ်လိုက်ပါလာသူတွေထဲက နှစ်​ယောက်သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဥ်မှာ မတ်လ ၂၇ ရက်နေ့ ၊ ည ၈ နာရီခွဲလောက်မှာ ကျိုက်ကော်က အရေးပေါ်လူနာတဦးကို ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်စဥ် ကမာဆိုင်ရွာနားအရောက်မှာ မိုင်းပေါက်ကွဲမှုဖြစ်ပြီးနောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ကြောင်း ၊ ပစ်ခတ်မှုကြောင့် လူနာတင်ယာဥ် ယာဥ်မောင်းနဲ့ အရေးပေါ်လူနာမှာ ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ပစ်ခတ်ခံခဲ့ရတဲ့ လူနာတင်ယာဥ်ကတော့ သထုံမြို့နယ် အခြေစိုက် အကြင်နာတွဲလက် လူမှုကူညီရေးအသင်ကားဖြစ်တယ်လို့သိရပါတယ်။
ဒါကြောင့် အသင်းကိုဆက်သွယ်မေးမြန်းရာ အသင်းတာဝန်ရှိသူတဦးက
” ရန်ကုန်လွှဲတဲ့လူနာကို လိုက်ပို့တာ ဘီးလင် ကမာဆိုင်ကွက်သစ်ရောက်တော့ မိုင်းကွဲတယ်၊ နောက်တော့ သေနတ်နဲ့ ပစ်တယ်၊ ပစ်ခံရပြီးကားကို ပစ်ထားရတယ်။ လူနာကို ပြီးမှအသင်းကားနဲ့ ထပ်သွားခေါ်ရတယ်။
ပစ်ခတ်မှုရှိတော့ချက်ခြင်းခေါ်မရဘူး အချိန်စောင့်ပြီးမှပဲခေါ်ရတယ်။
ယာဥ်မောင်းက ညာဘက်ခြမ်းပိတ်ရိုက်သလိုဖြစ်သွားတယ်ဓာတ်မှန်ရမှ ေမးစေ့မှာ ယမ်းစလို့ထင်ရတဲ့အစ၊ ဘယ်ဘက်နံဖက်မှာကျိုးတယ်လို့ထင်ရတဲ့အစတွေ့ရတယ်၊ နောက်တယောက် က တင်ပါး၊နှာခေါင်းမှာရှပ်ထိဒဏ်ရာရတာပေါ့။
အခြေအနေက မနက်အစောကတည်းက ပုံမှန်ပဲ ဘယ်သူမှတောင်မသိလိုက်ဘူး ” လို့ ပြောပြပါတယ်။
လက်ရှိမှာ သေနတ်ထိမှန်ဒဏ်ရာရတဲ့ ယာဥ်မောင်းကိုသထုံဆေးရုံမှာဆေး ကုသမှုပေးနေပြီ နောက်ထပ်လူနာကိုတော့ ရန်ကုန်ကို ပို့ဆောင်နေ်လို့သိရပါတယ်။
အခု လူနာတင်ယာဥ် ပစ်ခတ်ခံရတဲ့ လမ်းမှာတိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိဘဲ ပစ်ခတ်ခံရတာဖြစ်တဲ့အပြင် လူနာတင်ယာဥ်မှန်းသိစေမယ့် အချက်အလက်တွေ အသိပေးမောင်းနှင်လာစဥ် ပစ်ခတ်ခံခဲ့ရတာ ဖြစ်တယ်လို့ သူကထပ်မံပြောပါတယ်။
“တိုက်ပွဲမရှိပါဘူး။ရထားလမ်းဘာညာမိုင်းခွဲတာပဲရှိတယ်။တိုက်ပွဲမရှိဘဲအပစ်ခံရတာ။အရင်လည်းလမ်းကြောင်းသွားနေကြပါ။ကျနော်တို့ဘက်က ယူနီဖောင်းဝတ်တယ်၊မှန်အောက်ချတယ်၊မီးဖွင့်မယ်၊ မီးတန်းဖွင့်တယ် သတ်မှတ်ထားသလို အဲ့လိုလုပ်ပြီးမောင်းတာပဲ ။ညဘက်ကိုခုလိုဖြစ်တော့ လူ့အသက်ကယ်တာလေ ခုဆိုကားတစီးကဆုံးရှုံးသွားပြီ၊ဆုံးရှုံးမှုကပြန်မဖြည့်နိုင်ဘူး။လူနာတင်ယာဥ်ဆိုရင်နိုင်ငံတကာမှာလည်းပစ်ခွင့်မရှိဘူး ” လို့ သူကဆိုပါတယ်။
ဒါကြောင့် ညဘက် လူနာသယ်ယူပို့ဆောင်ရေးကူညီခြင်းလုပ်ငန်းကို ရပ်နားလိုက်ပြီဖြစ်တယ်လို့ အသင်းကအသိပေးထားပါတယ်။
၂၀၂၃ ဩဂုတ်လတုန်းကလည်း ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်း၊ဝင်းပြန်ရွာအနီးမှာ ကျိုက်ထိုတောင်တန်း မေတ္တာလူမှုကူညီရေးအသင်းက လူနာလိုက်ပါလာတဲ့ လူနာတင်ယာဥ်ကားအပစ်ခတ်ခံရပြီး လိုက်ပါလာတဲ့ လူနာအမျိုးသမီး သေနတ်ဒဏ်ရာ နှစ်ချက်ရရှိခဲ့ပါတယ်။
ဒါ့အပြင် မွန်ပြည်နယ်မှာ ၂၀၂၂ခု နှစ်ကလည်း လူနာတွေလိုက်ပါလာတဲ့ လူမှုကူညီရေးအသင်းကားတွေထဲက လူနာတင်ယာဥ်အချို့ ပစ်ခတ်ခံရပြီး လူသေဆုံးမှု နဲ့ ဒဏ်ရာရမှုရှိခဲ့သလို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာလည်း လူနာတင်ယာဥ်ပစ်ခတ်ခံရမှုတွေရှိခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW