ရွှေဘို – ရေဦးလမ်းမှာ ကားတစီး ပစ်ခတ်ခံရလို့ ကျေးရွာအုပ်ချုပ်ရေးမှူး လင်မယား သေဆုံး

မတ် ၊ ၂၈ ၊ ၂၀၂၄
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ ကျွဲခြံကျေးရွာအနီး ရွှေဘို – ရေဦး လမ်းမှာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်က ကားတစီးပစ်ခတ်ခံရပြီး ကားပေါ်မှာလိုက်ပါလာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး လင်မယား ထိခိုက်သေဆုံးတယ်လို့ နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ပစ်ခတ်ခံရတဲ့ကားက ရွှေဘိုမြို့နယ် ၊ မြင်းချင်းရွာက ကားဖြစ်တယ် ၊ ကားပေါ်မှာ လိုက်ပါလာတာက မြင်းချင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် နဲ့ သူ့မိန်းမ ဒေါ်ပေါက် တို့ဖြစ်တယ် ၊ သူတို့လင်မယား နှစ်ယောက်စလုံး နေရာမှာတင် သေဆုံးတယ် ၊ အဲ့ဒီကားကိုမောင်းပေးတဲ့ လူက ထွက်ပြေးလို့ လွတ်လာတယ်” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဟာ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက သူ့တို့ ပစ်ခတ်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ မြင်းချင်းကျေးရွာဟာ ပြည်သူ့စစ်အားကောင်းတဲ့ ကျေးရွာတရွာဖြစ်ပြီး ၊ ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၂၅ ရက်က PDF တွေတိုက်ခိုက်ခံရလို့ နစက စစ်သား တယောက်နဲ့ ပြည်သူ့စစ် ငါးယောက်သေဆုံကာ အမျိုးသား ၂၉ ယောက်နဲ့ အမျိုးသမီး ၃၁ ယောက်ကို PDF အဖွဲ့တွေက ဖမ်းသွားပါသေးတယ်။

ရွှေဘိုနယ် ဒီရက်ပိုင်း လူသတ်မှုတွေ အဖြစ်များလာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၄ ရက် မနက်စောပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့ ၊ အမှတ် ၇ ရပ်ကွက် ၊ တိုင်းရင်းဆေးရုံနားမှာနေထိုင်တဲ့ မြို့နယ်ထွေအုပ် စာရေးဝန်ထမ်း ဒေါ်မြမြငြိမ်း ဆိုသူကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့ ခုနှစ်ယောက်က သူ့ရဲ့အိမ်ထဲဝင်ရောက်ပြီး ဖမ်းခေါ်သွားပြီး ၊ ခင်ဦးမြို့နယ်မှာ သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။

​ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၂၂ ရက် ၊ မနက် ၁၀ နာရီဝန်းကျင်က ရွှေဘိုမြို့၊ အမှတ် ၄ ရပ်ကွက်၊ ပြည်တော်သာ ၅ လမ်း၊ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးရှေ့မှာရှိတဲ့ ၊ ရွှေလက်ပွား လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနန်းနွယ်ဦး ၃၅ နှစ်ဆိုသူ ပစ်သတ်ခံရပြီး သူကိုင်ဆောင်တဲ့ (သေနတ်အတု) ပစ္စည်းတွေ ယူသွားတယ် ၊ အဲ့ဒီ အပြင် ရွှေဘိုနယ်က ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ အလုပ်ထွက်ကြဖို့ ဒေသတွင်းလက်နက်ကိုင် PDF တွေက လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ထားတယ် ။

ဒီရက်ပိုင်းအတွင်း ရွှေဘိုနယ်မှာ သတ်ဖြတ်ခံရတာတွေနဲ့ ပတ်သက်ပြီး ​ဒေသခံ ပရဟိတသမားတယောက်က ” ဒီရက်ပိုင်းအတွင်း ရွှေဘိုနယ်မှာ သတ်ဖြတ်ခံရတာတွေ အရင်ကထက်စာရင် ပိုပြီးတော့ အဖြစ်များလာတယ် ၊ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၈ ရက်က ရွှေဘိုမြို့ ၊ အမှတ် ၇ ရပ်ကွက် ၊ မစိုးရိမ် ( အနောက်)ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ ဆရာတော် ဥူးဝိလာသ သက်တော် ၅၅ နှစ် ၊ ဝါတော် ၃၁ ဝါ ဆိုတဲ့ ဘုန်းကြီးတပါးနဲ့ ဘုန်းကြီးရဲ့ မိဘနှစ်ယောက်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက တဂဏန်ရွာဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ အဲ့ဒီ တဂဏန်ရွာ အဝင်ရောက်တော့ ဘုန်းကြီး ဥူးဝိလာသ ကိုထွက်ပြေးခိုင်းပြီး ပစ်သတ်လိုက်တယ် ၊ ဘုန်းကြီးရဲ့ မိဘ နှစ်ယောက်ကတော့ အခုထိ အဆက်သွယ် မရသေးဘူး ၊ ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်က ရွှေဘိုမြို့နယ် ၊ မြင်းစီးကျေးရွာနားက ဆင်နှံမောင်ကွင်းတောမှာ မိသားစု ခြောက်ယောက် အသတ်ခံရတယ် ၊ အသတ်ခံရတဲ့ မိသားစုက မြင်းစီးကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဟောင်း ဦးလင်း ၅၅ နှစ် ၊ သူ့မိန်းမ ဒေါ်မြသန်း ၅၅ နှစ် ၊ ယောက္ခမဖြစ်သူ ဒေါ်ဆင်နံ ၇၀ နှစ် ၊ ဒေါ်ဆန်းမင်း ၄၂ နှစ် ၊ မချစ်စုအောင် ၂၄ နှစ် (ကိုယ်ဝန်ဆောင်မိခင်) ၊ သူ့သား မောင်ဇေထူးအောင် ၃ နှစ်ဖြစ်တယ် ” လို့ ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW