သိန္နီမြို့နယ်မှာ MNDAA နဲ့ SSPP/SSA တိုက်ပွဲ ဖြစ်

မတ် ၂၈၊ ၂၀၂၄
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ နမ့်စလပ် အနီးက ကွန်ကောက်ရွာဘက်မှာ မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နဲ့ ရှမ်းပြည်တပ်မတော် – မြောက်ပိုင်း (SSPP/SSA) တို့အကြား မတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ခန့်ကစ တိုက်ပွဲ ဖြစ်ပွား နေကြောင်း ခရီးသွား ပြည်သူတွေဆီက သိရပါတယ်။
“မနေ့ညနေပိုင်းက နမ့်စလပ်နဲ့ သိန္နီကြားမှာ တိုက်ပွဲ ဖြစ်တာ။ တိုက်ပွဲ ဖြစ်လို့ လမ်းတွေ ပိတ်သွားသေးတယ်။ ကျနော့် ရှေ့မှာတင်ပဲ လဲတဲ့သူက လဲ၊ ပြေးတဲ့သူက ပြေး။ MNDAA စစ်သား တယောက်က ခြေထောက် ထော့နဲ့ ထော့နဲ့နဲ့ ဆိုင်ကယ် ကားလမ်းလယ်မှာ ပစ်ထားပြီး ပြေးသွားတယ်။ ဝဝတုတ်တုတ်နဲ့ တယောက်ကတော့ လမ်းဘေးမှာ လဲပြီး သေသွားတယ်။” လို့ မျက်မြင် ခရီးသွား တ‌ယောက်က ပြောပါတယ်။
နမ့်စလပ် ၅၆၇/၅၆၈ စစ်တပ်ဟောင်းကနေ MNDAA က SSPP တွေရှိတဲ့ရွာေတွဘက် ဒရုန်းနဲ့ပစ်ခတ်မှု ရှိတဲ့ အပြင် ဟိုနောင်ရွာဘက်က SSPP တပ်ဖွဲ့တွေနဲ့ MNDAA တပ်ဖွဲ့ တို့အကြားလည်း ရာဘာခြံနား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့ဆိုပါတယ်။
နမ့်စလပ်ဘက် လှုပ်ရှား ဆင်းလာတဲ့ MNDAA စစ်ကြောင်းနဲ့ နမ့်စလပ်ဘက်ရှိတဲ့ SSPP/SSA စစ်ကြောင်းတွေ ထိတွေလို့ တိုက်ပွဲ ဖြစ်ပွားလာကာ မတ်လ ၂၇ ရက်နေ့မှာလည်း တနေကုန် ဟိုနားရွာအနီး တိုက်ပွဲဆက်လက် ပြင်းထန်နေ တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
“ဘာ အကြောင်းကြောင့် တိုက်ပွဲဖြစ်လာတာတော့ အတိအကျ မသိဘူး။ အခြေအနေ တော်တော် တင်းမာနေတယ်။ ဒီလို ပုံစံသာဆိုရင် နှစ်ဖက် ကောင်းကောင်း ညှိနှိုင်းတာမျိုး မရှိရင် အခြေအနေ ပိုဆိုးလာနိုင်တယ်။ လမ်းတွေလည်း ပိတ်သွားနိုင်တယ်” လို့ ခရီးသွား အမျိုးသား တယောက်က ပြောပါတယ်။
ယမန်နေ့မှာတော့ သိန္နီ – နမ့်စလပ် လမ်းမပေါ်နဲ့ သိန္နီမြို့ထဲ MNDAA စစ်သည်တွေ ပြည့်နေတာတွေ့ရပြီး ဒီမနက်ပိုင်းမှာတော့ ပန်နားဘက်က MNDAA တပ်ဖွဲ့က SSPP တွေရှိရာ တောင်ကြောဘက် လက်နက်ကြီးတွေ ပစ်ခတ်နေပြီး နမ့်စလပ်နဲ့ စယ်အူ ကြားလည်း MNDAA တပ်ဖွဲ့က SSPP တွေကို လိုက်လံ ပစ်ခတ်တာရှိတယ်လို့ ဆိုပါတယ်။
ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်ရတာမျိုး မရှိသလို ထိခိုက်တာမျိုးလည်း မရှိပေမယ့် နှစ်ဖက် တိုက်ပွဲ ပြင်းထန်လာမှာကို စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်ကလည်း ကြူကုတ် (ပန်ဆိုင်း) ဒေသခံတွေကို MNDAA က ခေါ်ယူ အစည်းဝေးပြုလုပ်ချိန် SSPP နဲ့ KIA တပ်သား‌တွေ အပြင် မည်သည့် အဖွဲ့ အစည်းကိုမှ စစ်ဝတ်စုံ ဝတ်ဆင်တာမျိုး၊ လက်နက်ကိုင်ဆောင်လာတာမျိုး ရှိရင် မြို့ထဲ ဝင်ခွင့်မပြုဖို့ ပြောဆိုခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
MNDAA နဲ့ SSPP/ SSA ဟာ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။
Photo Crd# Google

Related posts

Leave a Comment

VOM News

FREE
VIEW