ထိုင်းသင်္ကြန် သွားရောက်လည်ပတ်မယ့်သူတွေ များတာကြောင့် ဧပြီလကုန်ထိ ရန်ကုန်-ဘန်ကောက် ခရီးစဉ်တွေ ပြည့်နေ

မတ် ၃၀ – ၂၀၂၄
SN (VOM)

လာမယ့် ဧပြီလ သင်္ကြန်ပိတ်ရက်အတွင်း ပြည်တွင်းထက် ပြည်ပနိုင်ငံတွေဆီ ခရီးသွားမယ့်သူ ပိုမို များပြားလာ‌ပြီး ထိုင်းသင်္ကြန် သွားရောက်လည်ပတ်မယ့်သူတွေ များတာကြောင့် ဧပြီလကုန်ထိ ရန်ကုန်-ဘန်ကောက် စီစဉ်ထားတဲ့ ခရီးစဉ်တွေ ပြည့်နေတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်မီးမမှန်ခြင်း၊ ခရီးသွားဒေသ အချို့ နယ်မြေအေးချမ်းမှု မရှိခြင်း၊ အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်နေခြင်းစတဲ့ အကြောင်းအရာတွေကြောင့် ပြည်တွင်းခရီးသွား အများစုဟာ ပြည်ပခရီးစဉ်တွေကိုသာ သွားရောက်ဖို့အတွက် ပြင်ဆင်မှု များလာကြပြီး အဓိကအားဖြင့် ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။

“ထိုင်းကတော့ မနှစ်ကစပြီး သူရဲ့ သင်္ကြန် concert ကိုပြောင်းတယ်။ လုပ်စားတာပေါ့လေ။ ချင်းမိုင်တို့၊ ဘန်ကောက်တို့အပြင် မြို့အလိုက်ကို နိုင်ငံခြားသားတွေကို activity လုပ်နိုင်မယ့် concert တွေ အများကြီးလုပ်လာတယ်။ promotion တွေ အများကြီး လုပ်လာတဲ့အခါကျတော့ မြန်မာပြည်မှာကလည်း သိတဲ့အတိုင်းလေ။ သင်္ကြန်က နေပြည်တော်နဲ့ ရန်ကုန်လောက်ပဲ၊ မန္တလေးတောင်မှ ပြောလို့မရဘူးလေ။ အဖြစ်သာလုပ်နေရတာ၊ လုံခြုံစိတ်ရမှုလည်း မရှိဘူးပေါ့။ လူတွေကလည်း ကျီးလန့်စာစား ဖြစ်နေတယ်။ ပြီးတော့ ရာသီဥတုကလည်း အယ်လ်နီညိုက အရမ်းဆိုးတယ်။ နောက် မီးကလည်း မမှန်တဲ့အခါကျတော့ လူတွေက ပျော်ချင်ကြတယ်၊ ဒါပေမယ့် အပြည့် မပျော်နိုင်ကြဘူး။ အားလုံးက စိတ်ပိုင်းဆိုင်ရာ depression တွေရနေကြတယ်။ ဒါ့ကြောင့် ဒီကာလမှာ ဥပုသ်ဝင်တဲ့သူလည်းရှိသလို တချို့ကျတော့လည်း ပြည်ပနိုင်ငံမှာသွားပြီး လည်ပတ်လိုကြတယ်။ ဟိုမှာက မီးမှန်တာကိုး။ ပိုက်ဆံ ဘာသုံးသုံးလည်း တန်တယ်လေ” လို့ ခရီးသွား လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

လက်ရှိမှာ ဧပြီလကုန်လောက်အထိ စီစဉ်ထားတဲ့ ရန်ကုန်-ဘန်ကောက် ခရီးစဉ်တွေ ပြည့်နေပြီး ကုန်ကျစရိတ်အနေနဲ့လည်း ၁၀ သိန်းကျော်အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

“အရင်က ဘန်ကောက်ကို စရိတ်ငြိမ်းသွားရင် ငါးသိန်း၊ ခြောက်သိန်းလောက်နဲ့ သွားလို့ရတဲ့ အခြေအနေ။ အခု ၁၀ သိန်းကျော်ဆိုတာ တခါမှ မကြားဖူးဘူး။ သွားကြတာကလည်း သင်္ကြန်လည်ဖို့အတွက် သွားကြမှာလည်း ရှိသလို ဒီကာလမှာ အလုပ်အကိုင်အတွက် သွားကြတာတွေ၊ ပညာသင်ဖို့အတွက် အကြောင်းပြချက်နဲ့ သွားကြတာတွေ အများကြီးပါပဲ” လို့ သူက ပြောပါတယ်။

သင်္ကြန်ကာလမှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံအပြင် အိန္ဒိယ၊ ဥရောပ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ စင်ကာပူ စတဲ့ နေရာတွေကို သွားရောက် လည်ပတ်မယ့်သူတွေလည်း ရှိနေပြီး ခရီးစဉ် လက်မှတ်တွေ အကုန် ရောင်းချပြီးသလောက် ဖြစ်နေပြီလို့ ခရီးသွားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ် သင်္ကြန်ရုံးပိတ်ရက် ကာလမှာ ပြည်တွင်းခရီးသွား အများစုဟာ ငပလီ၊ ချောင်းသာ၊ ငွေဆောင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပုဂံ၊ မန္တလေးနဲ့ ကချင်ပြည်နယ်ဘက်တွေဆီ သွားရောက် လည်ပတ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဲ့ဒီ့ ခရီးစဉ် ဒေသတွေထဲက တချို့သောဒေသတွေမှာ နယ်မြေ တည်ငြိမ်မှုမရှိတဲ့ အခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဒီနှစ် သင်္ကြန်ကာလမှာတော့ ပြည်တွင်းမှာ ခရီးသွားလာမယ့်သူတွေအနေနဲ့ ချောင်းသာနဲ့ ငွေဆောင်တို့ကိုသာ အများဆုံး သွားရောက်နိုင်ဖွယ် ရှိနေတယ်လို့လည်း လုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။

လက်ရှိမှာ ခရီးသွားကဏ္ဍနဲ့ပတ်သက်ပြီး ပြည်ပနိုင်ငံတွေက ကိုဗစ်နဲ့ပတ်သက်တဲ့ စည်းမျည်းစည်းကမ်း ဖြေလျော့မှုတွေ ပြုလုပ်လာတာကြောင့် နိုင်ငံတိုင်းမှာ ခရီးသွားလုပ်ငန်း တရှိန်ထိုးမြင့်တက်နေသလို အာဆီယံဒေသတွင်း နိုင်ငံတွေမှာလည်း ခရီးသွားတွေ ပြန်လည် ဝင်ရောက်နေပြီ ဖြစ်ပေမယ့်လည်း မြန်မာနိုင်ငံမှာတော့ နိုင်ငံရေး အခြေအနေတွေကြောင့် ပြည်တွင်းကို ဝင်လာတဲ့ ခရီးသွားမှာ မရှိသလောက် နည်းပါးတဲ့ အခြေအနေမျိုးဖြစ်တယ်လို့ သိရပါတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW