မြန်မာ့အရေး တွေ့ဆုံဆွေးနွေးမှုစဖို့ ထိရှလွယ်ပြသနာတွေရှိ၊ ဒုက္ခသည် တသိန်းကျော်ထိ လက်ခံပေးမယ်လို့ ထိုင်းအစိုးရပြော

ဘန်ကောက်၊ ဧပြီ-၉-၂၀၂၄
မျိုးဆက်(VOM)

နစက နဲ့ အတိုက်အခံတွေအကြား တွေ့ဆုံဆွေးနွေးပွဲတွေ စတင်ဖို့ရာမှာ ထိရှလွယ်တဲ့ ပြသနာတွေရှိကြောင်း ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့အစည်းအဝေးအပြီးမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

“ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့အဖွဲ့တွေအားလုံးနဲ့ စကားပြောဆို ဆွေးနွေးရမယ်” လို့ ဝန်ကြီးချုပ် သာဗီဆင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းက ထိုင်းနယ်စပ် မြဝတီမြို့ကို အတိုက်အခံပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်လိုက်ပြီးနောက် စစ်ရေးတင်းမာမှုတွေ မြင့်တက်နေပါတယ်။

မြန်မာစစ်တပ်အနေနဲ့ အင်အားယုတ်လျော့လာတယ်လို့ ထိုင်းဝန်ကြီးချုပ်သာဗီဆင်က ယခုသီတင်းပတ်အစောပိုင်းက ပြောဆိုထားပြီး ဆွေးနွေးပွဲတွေစတင်ဖို့ အချိန်ကောင်းဖြစ်တယ်လို့ သူကဆိုပါတယ်။

ထိုင်းအနေနဲ့ မြန်မာ့အရေးမှာ ကြားနေအဖြစ် ရပ်တည်နေပြီး ဒုက္ခသည် တသိန်းကျော်ထိ လက်ခံနိုင်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပရန်ပီးဘာဟစ်ဒါနူကာရာက ဧပြီ ၉ ရက်မှာ ထုတ်ဖော်ပြောဆိုထားပြီး ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဖို့ သက်ဆိုင်သူတွေကို တိုက်တွန်းထားပါတယ်။

မြန်မာနဲ့ ကုန်းမြေနယ်နိမိတ် ကီလိုမီတာ ၂၀၀၀ ထိစပ်နေတဲ့ ထိုင်းနိုင်ငံဟာ ဝန်ကြီးချုပ် သာဗီဆင် ရာထူးတက်လာပြီးနောက် မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုတွေ များစွာ လုပ်ဆောင်ခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ခြင်းအပါအဝင် တွေ့ဆုံဆွေးနွေးမှုတွေအတွက် အားထုတ်လုပ်ဆောင်နေပါတယ်။

Ref:Reuters
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW