၁၀၅ မိုင် ကုန်သွယ် ရေးစခန်းက လိုင်စင်ကျ ပြီးသား ယာဉ်၊ ယန္တရားတွေ တာချီလိတ် နယ်စပ်ဂိတ် တပေါက်ကနေပဲ တင်သွင်းခွင့်ရလို့ ကြန့်ကြာ ခက်ခဲ

ဧပြီ ၉၊ ၂၀၂၄
Shy V (VOM)
တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းက လိုင်စင်ကျ ပြီးသား ယာဉ်၊ ယန္တရားတွေ လတ်တလော တာချီလိတ် နယ်စပ်ဂိတ် တပေါက်ကနေပဲ တင်သွင်းခွင့်ရလို့ ကြန့်ကြာ ခက်ခဲနေကြောင်း နယ်စပ် သွင်းကုန် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
“တကယ်တမ်း ဂိတ် အပေါက်ပြောင်းမှုအတွက် ဒီ မူဆယ်မှာ ချထားတဲ့ လိုင်စင်တွေကို ဂိတ် အပေါက်ပြောင်းဖို့ တကယ်တမ်း သွားပြီးတော့ စာတင်တဲ့ အချိန်မှာ ဘယ် ဂိတ် အပေါက်ကိုမှ မပေးပဲနဲ့ တာချီလိတ် ဂိတ် အပေါက် တစ်ခုပဲ ပေးတယ်။” လို့ ယာဉ်၊ ယန္တရား လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
အဲဒီတော့ တာချီလိတ် နယ်စပ်ဂိတ်ပေါက် ကနေပဲ ယာဉ်၊ ယန္တရား လုပ်ငန်းရှင်တွေ အားလုံးကို တင်သွင်းဖို့ဆို ခွင့်ပြုတော့ ယာဉ်‌ တွေများပြီး ကြန့်ကြခက်ခဲနေတယ် လို့ သူက ပြောပါတယ်။
“မူဆယ်လမ်းကြောင်းကြီးက လက်နက်ကိုင် အဖွဲ့တွေ သိမ်းလိုက်လို့ ပိတ်သွားတဲ့ အတွက်ကြောင့် ဒီ မူဆယ်မှာ လိုင်စင် ကျထားတဲ့ ယာဉ်၊ ယန္တရားတွေကို ဗမာပြည်ရဲ့ ကြိုက်တဲ့ ဂိတ် အပေါက်ကနေ သွင်းလို့ ရတယ်ဆိုပြီးတော့ စီးပွားကူးသန်းကနေ စာထုတ်တယ်။ တခြား နယ်စပ်ဂိတ်မှာ သွားလျှောက်တော့ ပယ်ချတယ်” လို့ နယ်စပ် သွင်းကုန် လုပ်ငန်းရှင် တယောက်ကလည်း ပြောပါတယ်။
ဝေးပေမယ့် တာချီလိတ် ဝမ်ပုံ ဘက်ကနေ ပတ်ပြီး ကုန်သည် အားလုံး စုပြုံတင်သွင်းနေရပြီး ၁၀၅ မိုင် ကုန်သွယ်ရ လမ်းကြောင်းနဲ့ ချင်းရွှေဟော် ကုန်သွယ်ရေး လမ်းကြောင်းက ပို့ကုန် သွင်းကုန်ကားတွေ တာချီလိတ် နယ်စပ်ဂိတ်ဘက် စုပြုံ ရောက်ရှိနေတာလို့ သူက ပြောပါတယ်။
ကုန်တင်ယာဉ်မောင်းတယောက်ကလည်း “ချင်းရွှေဟော်ဘက် ပိတ်သဠားတော့ တာချီလိတ်ဘက် ပြန်သွားနေတယ်။ ကားတွေက အရမ်းများတယ်။ ရှမ်းမြောက်က ကားတွေ ဒီ အရှေ့ဘက် ရောက်လာတာလေ” လို့ ပြောပါတယ်။
ရှမ်းမြောက် ကုန်သွယ်ရေး လမ်းကြောင်းတွေဘက် သွားနေကျ ယာဉ်တွေ အတွက် လမ်းကြောင်း အသစ်ထပ်ရှာရတာ အဆင်မပြေသလို တချို့ဆိုရင် ခေါက်တိုပဲ ပြေးနေရတယ်လို့ ဆိုပါတယ်။
မြန်မာ နိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းနဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတွေဟာ မြောက်ပိုင်းမဟာမိတ်ညီနောင်ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် နယ်စပ် ကုန်သွယ်ရေး ရပ်တန့်ခဲ့ရတာဖြစ်ပါတယ်။
အဲဒီ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းနဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတွေ မရပ်တန့်ခင် ပုံမှန် အားဖြင့် တရက်ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂ သန်း ကနေ ၃ သန်း ဝန်းကျင်ခန့်စီ ကုန်သွယ်မှု လုပ်နေတဲ့ တရုတ် – မြန်မာ နယ်စပ် အဓိက ကုန်သွယ်ရာ ဂိတ်တွေ ဖြစ်ပါတယ်။
Photo Crd# CJ

Related posts

Leave a Comment

VOM News

FREE
VIEW