ဗန်းမော်ဘက်မှာ ငှက်ပျော၊ ဖရဲ ခြံတွေ လုပ်သားတွေ စစ်ရှောင်ကုန်တဲ့ အပြင် စက်သုံးဆီ ဝယ်ယူရခက်လာလို့ ခြံထိန်းသိမ်းဖို့ ခက်ခဲလာ

ဧပြီ ၁၈၊ ၂၀၂၄
Shy V (VOM)
ကချင်ပြည်နယ်၊ ဗန်းမော်ဘက်မှာ စစ်တပ်နဲ့ KIA ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေတာကြောင့် ငှက်ပျော၊ ဖရဲ ခြံလုပ်သားတွေ စစ်ရှောင်ကုန်တဲ့ အပြင် စက်သုံးဆီ ဝယ်ယူရခက်လာလို့ ခြံထိန်းသိမ်းရန် ခက်ခဲလာနေကြောင်း ဖရဲ၊ ငှက်ပျော ခြံရှင်တွေ ဆီက သိရပါတယ်။
“ငှက်ပျော၊ ဖရဲ ခြံ ဝန်းကျင် စစ်ရေး‌ေကြာင့်မလုံခြုံတော့လို့ အလုပ်သမားတွေက နေ့စဥ်တိုင်း ဗန်းမော် ကနေ တိုက်ပွဲ နဲ့ဝေးတဲ့ နေကာဘက် ရှောင်ကုန်ကြပြီ” လို့ ဗန်းမော်ဒေသက ခြံရှင် တယောက်က ပြောပါတယ်။
ဗန်းမော်ခရိုင်အတွင်း စစ်တပ်နဲ့ KIA ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့တို့အကြား တိုက်ပွဲကြောင့် ကုန်သယ်ရေး လမ်းကြောင်းတွေ ပိတ်သွားတယ်လို့ သူက ပြောပါတယ်။
“ရန်ကုန်၊ မန္တလေးဘက်က စက်သုံးဆီတွေ မလုံလောက်လို့ လွယ်ဂျယ်ဘက်က စက်သုံးဆီတွေကို အားထားနေရတာ တိုက်ပွဲ ဖြစ်လို့ လမ်းတွေပိတ်သွားရော။ စက်သုံးဆီတွေ ဝယ်ရခက်လာတယ်။ ခြံလုပ်သားမရှိ၊ စက်သုံးဆီဝယ်မရ‌ေတာ့ ရေဓါတ်ခန်းခြောက်နေတယ်။ ထိန်းသိမ်းပြုစုဖို့ ခက်ခဲ့လာတယ်” လို့ သူက ရှင်းပြပါတယ်။
အသီးခုတ်ဖာသွပ်၊ ထုပ်ပိုးပြီး ကားမရှိ၊ လမ်းကပိတ်နေလို့ ငှက်ပျောသီးဖာတွေကို ပုံထားနေရတဲ့ အပြင် စိုက်ပျိုးပြီး မခုတ်ရတဲ့ အသီး‌‌ တွေလည်း အရင့်လွန်ကာ ပျက်စီးနေ ဆုံးရှုးနေရတယ်လို့ ဆိုပါတယ်။
ဒါအပြင် စိုက်ပျိုးပြီး လမ်းပိတ်သွားလို့ တင်ပို့လို့ မရတော့ပဲ ဆုံးရှုံး နေရတဲ့ ဖရဲခြံတွေလည်း အများအပြား ရှိနေတယ်လို့ နောက်ထပ် ခြံရှင် တယောက်က ပြောပါတယ်။
“တနိုင်တပိုင် ခြံရှင်တွေက ငွေကြေး အဆင်မပြေဘူး။ တိုက်ပွဲလည်း မရှောင်နိုင်ဘူး။ လုပ်သား မရှိလည်း ကိုယ့်ဘာသာ တနိုင် လုပ်နေရတာ။” လို့ သူက ပြောပါတယ်။
နှစ်ဖက် စစ်ရေးတင်းမာနေလို့ ခြံတွေထဲ နေထိုင်ဖို့ မလုံခြုံတာကြောင့် တချို့ ခြံရှင်တွေက ဘေးကင်းနိုင်တဲ့ အနီးနား ရွာထဲ၊ မြို့ထဲတွေမှာ အိမ်ခန်းငှားနေထိုင်ကြရကာ ခြံကို ဆိုင်ကယ် ကယ်ရီငှားရမ်းပြီး သွားနေရတာမှာ စက်သုံးဆီ ‌ဝယ်ရခက်ခဲလာတာကြောင့် ဆိုင်ကယ်ကယ်ရီခလည်း တခါငှား တသိန်းထိဈေးတက်လာတယ်လို့ သူက ပြောပါတယ်။
ဖရဲ၊ ငှက်ပျော တွေကို ဗန်းမော် နဲ့ အနီးဝန်းကျင် မံ‌နောင်၊ မံပုံ၊ စင်းခန်း၊ ရွှေကူမြို့နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်အစပ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် အစပ်က မံနားလေးရွာ ဝန်းကျင်၊ မဘိမ်းမြို့နယ် ငါးအိုး အနီးဝန်းကျင် တွေဘက် အဓိက စိုက်ပျိုးနေပြီး ဗန်းမော် – လွယ်ဂျယ် လမ်းကနေ တရုတ်ဘက် တင်ပို့ ရောင်ချနေရာက တိုက်ပွဲကြောင့် လမ်းပိတ်သွားကာ ဒေသခံ ဖရဲ၊ ငှက်ပျော တောင်သူတွေ ခက်ခဲ ဒုက္ခ ရောက်နေကြရတာလို့ ဆိုပါတယ်။
တရားမဝင် လမ်းကြောင်းတွေ အများအပြား ရှိပေမယ့် လုံခြုံရေး စိုးရိမ်ရတာကြောင့် ယာဉ်မောင်း ကုန်သည် လုပ်ငန်းရှင်တွေ ဘယ်သူမှ မသွားရဲကြဘူးလို့ တောင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကစ ဗန်းမော် – လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရာ လမ်းတလျှောက် စစ်တပ်နဲ့ KIA ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ကာ လွယ်ဂျယ်မြို့ကိုပါ KIA ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့က ထိနိးချုပ်ထားတာဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးလည်း ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်။
Photo Crd# တောင်သူ တဦး

Related posts

Leave a Comment

VOM News

FREE
VIEW