မကွေးမြို့မှာ ရက်ပိုင်းအတွင်း ဓါးထိုးမှုတွေကြောင့် သုံးယောက်သေပြီး လေးယောက် ဒဏ်ရာရ



ဧပြီ ၊ ၁၈ ၊ ၂၀၂၄
SP (VOM)

မကွေးတိုင်း ၊ မကွေးမြို့ပေါ်မှာ အခုရက်ပိုင်း ဓားထိုးမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာကြောင့် သေဆုံး ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ဧပြီ ၁၈ ရက် ၊ ဒီကနေ့မနက် အစောပိုင်း ၁ နာရီဝန်းကျင်က မကွေးမြို့နယ် ၊ ကျွဲခြံကျေးရွာမှာ ဦးသန်းထွန်း ၆၆ နှစ်ဆိုသူ အိမ်မှာ မိသားစုနဲ့ အတူ အိပ်ပျော်နေတုန်း ဓားခုတ်ခံရတယ် ၊ အဲ့ဒီ ဓားခုတ်မှုကြောင့် အိမ်ရှင် ဦးသန်းထွန်းဆိုသူဟာ ရင်ဘတ်ကနေ ခါးအထိ ပြတ်ရှပြီး သေဆုံးသွားတယ် ၊ နောက်ပြီး သူ့မိန်းမ ဒေါ်ပြုံးချိုနဲ့ ချွေးမဖြစ်သူ မဝေဝေဦးတို့ နှစ်ယောက်လည်း ဒဏ်ရာရရှိတယ် ၊ ဓားခုတ်နဲ့ ခုတ်သူက တရွာတည်းနေ ဦးတင်မောင်ဆွေ ဆိုသူဖြစ်ပြီး သူက အရင်ကလည် လူသတ်မှုနဲ့ ထောင်ကျဖူးသူ တယောက်ဖြစ်တယ် ” လို့ သေဆုံးသူ မိသားစု အသိုင်းအဝိုင်းက ပြောပါတယ်။

အဲဒီ လူသတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက အမှုရေးဖွင့် ထားပြီး ၊ ပြစ်မှုကျူးလွန်သူကို ရှာဖွေ ဖမ်းဆီးနေတယ်လိူ့ သိရပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက် (သင်္ကြန်အတက်နေ့) ညနေပိုင်းကလည်း မကွေးမြို့ ၊ ကမ်းနားလမ်း ၊ ဘီလူးညီနောင် နတ်ကွင်းနားမှာရှိတဲ့ ရေကစားမဏ္ဍပ်နားမှာ ဓားထိုးမှုတခုဖြစ်ပွားခဲ့ပြီး ၊ အဲ့ဒီဖြစ်စဥ်မှာ ဆားရွှေကင်းကျေးရွာမှာနေတဲ့ ကိုချစ်သဲ ၃၇ နှစ်သေဆုံးခဲ့ရပြီး ၊ ကိုသက်ဦးဆိုသူ အပါအဝင် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၈ ရက်ကလည်း မကွေးမြို့ ၊ သင်ကြားရေး ဆေးရုံလမ်း အကှေ့ဘက်မှာရှိတဲ့ ယာခင်တောထဲမှာ မကွေးမြို့ ဏဘယံ သွေးလှူရှင် လူမှုကူညီရေး အသင်း ဥက္ကဌ (၁) ဦးရန်အောင် ဆိုသူ ဓားနဲ့ ထိုးသွင်းဒဏ်ရာ အချက် ၆၀ နီးပါးရရှိပြီး သေဆုံးကာ သူ့စီးသွားတဲ့ ကလစ်ဆိုင်ကယ်နဲ့ လက်စွပ်တကွင်းဟာ ဒီကနေ့အထိ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အဲဒါကြောင့် မကွေးမြို့ပေါ်မှာ အခုရက်ပိုင်း လူသတ်မှုဖြစ်စဥ် သုံးကြိမ်ဖြစ်ပွားခဲ့ပြီး ၊ သေဆုံးသူ သုံးယောက် အပြင် ဒဏ်ရာရသူ လူလေးယောက်ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ဒေသခံ ပရဟိတသမား တဦး

Related posts

Leave a Comment

VOM News

FREE
VIEW