မြစ်ကြီးနား အကျဉ်းထောင် ဆူပူမှု ဖြစ်ပြီး သေဆုံးသူ ဒဏ်ရာရသူတွေရှိနေတယ်လို့ သတင်းထွက်ပေါ်



ဧပြီ ၁၈၊ ၂၀၂၄
Shy V

မြစ်ကြီးနား အကျဉ်းထောင်မှာ ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်ကစ ဆူပူမှု ဖြစ်ပြီး ၄ ဦး သေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“အကျဉ်းသားတွေ သပိတ်မှောက် ဆန္ဒပြကြတယ် ကြားတယ်။ အဲဒါကြောင့် ထောင်စောင့်လက်နက်ကိုင်တွေကပစ်ခတ်နှိမ့်နင်းလို့ ထိခိုက် ဒဏ်ရာရတာ ၁၂ ယောက်၊ သေဆုံးတာ ၄ ယောက်လို့ သိရတယ်။” လို့ ဒေသခံ အမျိုးသား တ‌ေယာက်က ပြောပါတယ်။

အကျဉ်းထောင်မှာ ဆူပူမှု ဖြစ်တာက လွတ်ငြိမ်းချမ်းသာခွင့် နာမည် စာရင်းပါပြီး မလွတ်မြောက်တဲ့ သူတွေ နဲ့ ပတ်သက်ပြီး ဆူပူမှု ဖြစ်လာတယ်လို့ ကြားပေမယ့် အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

“သံဇကာတွေ တီးခေါက်ပြီးတော့ စတင်အော်လာတာ။ အဲဒါကြောင့် သေနတ်နဲ့ပစ်တာ။ သေတာတော့ ၄ ယောက်၊ ဒဏ်ရာရတာက ၁၁ ယောက်လို့ ကြားတယ်။ ဒါပေမယ့် အသေးစိတ် မသိရသေးဘူး။” လို့ နောက်ထပ် ဒေသခံတ‌ေယာက်က ပြောပါတယ်။

ဆူပူမှုက ညနေ ၄ နာရီ ကနေ စဖြစ်တာ ဖြစ်ပြီး ည ၈ နာရီ ထိ မ‌ငြိမ်သေးပဲ ဆူပူမှု ဖြစ်နေချိန် အတွင်း ထောင်ဝန်းကျင်မှာ လူနာတင်ကား‌တွေ အသွားအလာ များတယ်လို့ သူက ပြောပါတယ်။

VOM အနေနဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစက သတင်းမှန် ပြန်ကြားရေးအဖွဲ့ကို မေးထား ‌ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသေးလို့ အတည်ပြုချက်မရသေးပါဘူး။

Related posts

Leave a Comment

VOM News

FREE
VIEW