ရခိုင်ပြည်နယ်ထဲကို အိန္ဒိယဘက်က တင်သွင်းနေတဲ့ စားသောက်ကုန်နဲ့ စက်သုံးဆီတွေကို ရက်အကန့်အသတ်မရှိ ပိတ်ထား



ဧပြီ ၊ ၁၈ ၊ ၂၀၂၄
SP (VOM)

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် တောင်ပိုင်း ၊ လောင်တလိုင်ခရိုင်ဘက်ကနေတဆင့် မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသကို ဖြတ်ကျော်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းဘက်ကို နေ့စဥ် ပုံမှန်တင်သွင်းနေတဲ့ အခြေခံစားသောက်ကုန်စည်းတွေနဲ့ စက်သုံးဆီတွေကို တင်သွင်းခြင်း မပြုလုပ်ကြဖို့ Central Young Lai Asso ciation (CYLA) အဖွဲ့က ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်ကစလို့ ရက်အကန့်အသတ်မရှိ တားမြစ်ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

” အဲ့ဒီလို ပိတ်ပင်တားမြစ်လိုက်ရတဲ့ အဓိက အကြောင်းအရင်းက မီဇိုရမ်ပြည်နယ်ထဲမှာ မဏိပူရ်ပြည်နယ်ဘက်က စစ်ဘေးရှောင်တွေနဲ့ မြန်မာဘက်က စစ်ဘေးရှောင်တွေ များပြားလာပြီး နေ့စဥ် အခြေခံ စားသောက်ကုန် လိုအပ်ချက်တွေ မြင့်တက်လာနေလို့ ဖြစ်တယ် ” လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် ဦးဂင်ရှန်ပေါင် က ပြောပါတယ်။

ကျောက်တော်မြို့ခံ စီးပွားရေး လုပ်ငန်ရှင် ဦးထွန်းလင်းက ” မီဇိုရမ်ပြည်နယ်ဘက်မှာရှိတဲ့ Central Young Lai Asso ciation (CYLA)အဖွဲ့က ရခိုင်ပြည်နယ်ဘက်ကို ကုန်ပစ္စည်းတွေ မတင်သွင်းရဘူးလို့ ထုတ်ပြန်ပြီးနောက် မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်ဆက်တိုက် ကုန်ပစ္စည်းဝင်တာတွေ ရပ်တန့်သွားတယ် ၊ ဆန် ၊ စားသုံးဆီ ၊ သကြား ၊ နို့ဆီ ၊ ဓာတ်ဆီ ၊ ဒီဇယ် စတာတွေ စျေးနူန်းမြင့်တက်လာတယ် ၊ ဒီမနက် ပေါက်စျေးက ဓာတ်ဆီ တလီတာကို တသောင်းနှစ်ထောင် ဝန်းကျင်အထိ ရှိလာတယ်၊ စားသောက်ကုန်တွေ သိသိသာသာ စျေးနူန်းမတက်ပေမယ့် စက်သုံးဆီက သိသာစွာ စျေးနူန်းတွေ မြင့်တက်လာတယ် ” လို့ ပြောပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကစလို့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ပြည်မဘက်က ကုန်စည်တွေ ဝင်ရောက်မလာတာကြောင့် ပြည်မကုန်စည် အစားထိုး မီဇိုရမ်ပြည်နယ်ဘက်က ကုန်စည်တွေဝင်ရောက်လာတာလို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW