ရခိုင်ပြည်နယ် အမ်းမှာ ဆန်ပြတ်လပ်မှု ဆိုးရွားစွာကြုံနေရလို့ ဒေသခံတွေဒုက္ခရောက်နေ

အမ်း ၊ ဧပြီ ၁၈ – ၂၀၂၄
GG (VOM)
အမ်း- ပဒါန်းလမ်းကို သွားလာခွင့်ပိတ်ပြီးနောက်ပိုင်းရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ဆန်ပြတ်လပ်မှု ဆိုးရှားစွာရင်ဆိုင်နေရလို့ ဒေသခံပြည်သူတွေ ဒုက္ခရောက်နေရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကသိရပါတယ်။
အမ်း- ပဒါန်းလမ်းကိုပိတ်လိုက်တာကြောင့် ကုန်စည်စီးဆင်းမှုရပ်သွားလို့ အမ်းမြို့နယ်မှာ ဆန်ပြတ်လပ်မှု ဖြစ်ပေါ်နေတဲ့အတွက် ဒေသခံပြည်သူတွေမှာ ထမင်းလျှော့စားခြင်း၊ ထမင်းအစားထိုးအဖြစ် ဒေသထွက်သီးနှံတွေကိုစားသုံးရခြင်း ၊ ရတဲ့နည်းလမ်းနဲ့ ဆန်ကိုအဆမတန်ဈေးမြင့်ပေးဝယ်ယူနေကြရတယ်လို့သိရပါတယ်။
” ဆန်က မြို့ပေါ်မှာကိုမရှိတော့တာ၊ဝယ်လို့မရတော့တာ၊ဒီတော့ လက်လုပ်လက်စားသမားတွေ ၊ဝယ်ဖို့လည်းမတတ်နိုင် ဝယ်စရာလည်းဆန်မရှိတဲ့ မိသားစုတွေကို ဦးစားပေးလှူနေတယ်။ပိုက်ဆံရှိတဲ့သူကျတော့လည်း တအိတ်ကိုဈေးအမြင့်ပေးပြီး ရသလောက်ဝယ်စားနေရတယ်။တချို့ငတ်နေကြပြီ ထမင်းခြောက်တွေစားကြတယ်။တချို့ဆန်လျှော့ချက်ပြီးငှက်ပျောသီးတွေစားနေကြရတာပေါ့။အိမ်ထောင်စုအရေအတွက်စာရင်းတော့မကောက်ဘူး၊ဒါပေမယ့်ရာဂဏန်းတော့ရှိတယ်၊ထောင်ဂဏန်းပြည့်မပြည့်သာမပြောနိုင်တာပေါ့ ” လို့ ရိက္ခာပြတ်မိသားစုတွေကို အကူအညီတွေဆောင်ရွက်ပေးနေတဲ့အမ်းဒေသခံကပြောပါတယ်။
လက်ရှိမှာတော့ ဆန်ပြတ်လပ်မှုအတွက် အလှူရှင်တွေကလှူဒါန်းမှုရှိပေမယ့် ရိက္ခာပြတ်လပ်နေတဲ့အိမ်ထောင်စုတွေရာနဲ့ချီရှိတာကြောင့် တအိမ်ထောင်ကို ဆန်တပြည်၊နှစ်ပြည်လောက်သာ ဝေမျှပေးနိုင်နေတယ်လို့ဆိုပါတယ်။
ငွေကြေးရှိသူ ဒေသခံအချို့ကတော့ ရတဲ့နည်းလမ်းနဲ့ ဆန်ကြမ်းတအိတ်ကို ငွေကျပ် ၂၅၀၀၀၀ အထိပေးကာ ရှာဖွေဝယ်ယူနေကြရတယ်လို့သိရပါတယ်။
အမ်းမြို့နယ်မှာ ဆန်ပြတ်လပ်ဆိုးဝါးနေသလို စက်သုံးဆီ ၊စားသုံးဆီကလည်း အဆမတန်ဈေးမြင့်တက်နေကြောင်း၊ စက်သုံးဆီ တစ္လီတာကို ၁၈၀၀၀ ကျပ်အထိရှိနေပြီး စားဆီ ၁၀ ပိဿာတပုံးကို ငွေကျပ် ၃သိန်းအထိ ပေးကာဝယ်ယူနေရတယ်လို့သိရပါတယ်။
” ဆန်အပြင် စားဆီဆိုလည်း ဈေတက်တယ်၊စက်သုံးဆီဆိုလည်း ရှားတယ် ။ဝယ်ရခက်တယ်။ကိုယ်နည်းကိုယ့်ဟန်နဲ့ ရတဲ့သူဆီကနေ ဈေးကြီးပေးဝယ်နေကြရတာ၊ပစ္စည်းအကုန်ရှားပြီးတက်တယ်။အရင်ပဒါန်းလမ်းဖွင့်တော့အဆင်ပြေသေးတယ်၊အခုကတော့ တော်တော်ကို ဒုက္ခရောက်နေတာပေါ့ထွေအုပ်မှာကလည်းအရင်ကထုတ်ရောင်းပေးပေမယ့်အခုကသူ့မှုလည်း ဆန်ကမရှိတော့ဘူး။သူတို့ရောင်းပေးရင်ပြေတာပေါ့ဒါပေမယ့်သူတို့မှာလည်းရောင်းစရာမရှိတော့ဘူး။လမ်းပိတ်လိုက်တော့ပိုဆိုးသွားတာပေါ့။” လို့ သူကထပ်မံပြောပါတယ်။
အမ်းမြို့နယ်မှာ နစကအစိုးရရဲ့ အုပ်ချုပ်မှုယန္တရားလည်ပတ်မှုရှိနေပေမယ့်လည်း ဒေသခံတွေကို အဓိကအရေးကြီးတဲ့ ဆန်ထုတ်ရောင်းပေးနိုင်ခြင်းမရှိသလို စားဆီ၊စက်သုံးဆီ တွေကိုလည်းရောင်းချပေးနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။
ရခိုင်ပြည်နယ် နဲ့ မကွေးတိုင်းဆက်သွယ်ထားတဲ့ အမ်း – ပဒါန်းလမ်းကိုတော့ ဧပြီလ ၂ ရက်နေ့ ကစပြီး AA ဘက်က ရက်အကန့်အသတ်မရှိ ပိတ်လိုက်တာ ဒီနေ့အထိဖြစ်ပါတယ်။
လက်ရှိအမ်းမြို့နယ်မှာတော့ မြိူ့ပေါ်မှာတိုက်ပွဲတွေ ဖြစ်ပွားခြင်းမရှိပေမယ့် မြို့ဧရိယာဖြစ်တဲ့ ရွာတွေဘက်မှာတော့ တိုက်ပွဲတွေ ဖြစ်ပွားမှုရှိနေတာကြောင့် နစကဘက်က ဂျက်ဖိုက်တာလေယာဉ်တွေလည်း မြို့ဘက်မှာဝဲနေတယ်လို့သိရပါတယ်။
AA ကတော့ အမ်းမြို့မှာရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိပြီး နပခ ဌာနချုပ်၊ အမတ ၃၇၄၊ စကခ ၅ လက်အောက်ခံ ခမရ ၃၇၁၊ ၃၇၂၊ ၃၇၃ တပ်ရင်းဌာနချုပ်တွေနဲ့ လက်ရုံးတပ်တွေရှိပြီး AA က နပခကို လက်နက်ချဖို့ အသိပေးမှုတွေလုပ်ထားကြောင်း၊ အမ်းမြို့ကိုထိန်းချုပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
Photo: CJ

Related posts

Leave a Comment

VOM News

FREE
VIEW