မြဝတီ ချစ်ကြည်ရေးတံတားအမှတ်၂ တိုက်ပွဲမှာ အရပ်သားထိခိုက်မှုရှိသလို ထိုင်းဘက်ပါလက်နက်ကြီးကျရောက်မှုတွေရှိနေ

မြဝတီ၊ ဧပြီ ၂၀ – ၂၀၂၄
GG (VOM)
မြဝတီ – မဲဆောက် ချစ်ကြည်ရေးတံတားအမှတ်၂ အနီး မြန်မာဘက်ခြမ်းမှာ တပ်စွဲထားတဲ့ ခလရ၂၇၅ တပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အကြား ညကတည်းက ပစ်ခတ်မှုတွေဖြစ်ပြီး ဒီနေ့ ဧပြီလ ၂၀ ရက်နေ့မနက်ပိုင်းအထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။
” ည ၇ နာရီကျော်လောက်မှာ ဒရုန်းဗုံးနဲ့စတိုက်တယ်၊အဲ့ဒီနောက် ၁၁ လောက်ရောက်တော့ ထပ်ဖြစ်တယ်။ပြီးတော့ ငြိမ်သွားပြီး မနက်၄နာရီလောက်တည်းက တိုက်ပွဲ စဖြစ်နေတာခုထိပဲ၊ အခုလည်း လက်နက်ကြီးပစ်သံတချက် တချက် တော့ကြားနေရတုန်းပဲ၊RPG နဲ့ကိုထုတာလို့သိရတယ် ” လို့ မြဝတီမြို့ခံတဦးကပြောပါတယ်။
အမှတ်၂တံတားအနီးတိုက်ပွဲမှာ KNLA ပူးပေါင်းတပ်တွေက RPG ၊ ဒရုန်းဗုံး ချတိုက်ခိုက်ခဲ့သလို နစကဘက်ကလည်း စစ်ကူအနေနဲ့ လေကြောင်း ပစ်ကူတိုက်ခတ်မှုတွေရှိခဲ့ကြောင်း တိုက်ပွဲကြောင့် အမှတ်၂ တံတားအနီးနေထိုင်သူတွေကြားထဲ လက်နက်ကြီးကျလို့ အရပ်သားထိခိုက်မှုတွေလည်းရှိနေတယ်လို့ဒေသခံတွေဆီက သိရပါတယ်။
” လေယာဥ်ကလည်းဝဲနေတယ်။ ဟိုဘက်ကလည်းပစ်တယ်။အခုတော့ အသံကငြိမ်လိုက် ကြားလိုက်ပဲ။ဒီဘက်ကစစ်ရှောင်တွေတော့ ထိုင်းဘက်ကပေးမဝင်သေးဘူး ။ထိုင်းဘက်ကလည်းလုံခြုံရေးတင်းကျပ်ထားတယ်။ အမှတ်၁၂ ဂိတ်နားလက်နက်ကြီးကျလို့ အမျိုးသမီးတယောက်ကျည်ထိထားတယ် ” လို့ နောက်ထပ်မြို့ခံတဦးကပြောပါတယ်။
တိုက်ပွဲကြောင့် အမှတ်၂ တံတားအနီးနေထိုင်သူတွေဟာ လက်ရှိမှာ သောင်ရင်းမြစ်ကမ်းစပ်အထိ သွားရောက်တိမ်းရှောင်နေကြရပြီး ထိုင်းဘက်ကတော့ ဝင်ခွင့်မပေးသေးလို့ကမ်းစပ်မှာပဲ စစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်။
အလားတူ အမှတ်၂တံတားတိုက်ပွဲမှာ ထိုင်းဘက် ၊မဲဆောက်ကိုလည်းလက်နက်ကြီးကျရောက်မှုရှိနေကြောင်း ၊ လက်ရှိမှာတော့ ထိုင်းစစ်တပ်က နယ်စပ်တလျှောက်မှာ တင့်ကား အပါအဝင် လက်နက်ကြီးလက်နက်ငယ်တွေနဲ့ လုံခြုံရေးအထူးတင်းကျပ်ထားပြီး အမှတ်၂တံတားလည်း ပိတ်ထားပါတယ်။
မြဝတီ ချစ်ကြည်ရေးတံတားအမှတ် ၂ ဘက်မှာတိုက်ပွဲ ဖြစ်ပွားနေတာကြောင့် မြို့ထဲအဝင်တွေမှာလက်နက်ကိုင်တပ်ဖွဲ့တွေက နေရာယူထားပေမယ့် မြို့ထဲမှာတော့ အခြေအနေငြိမ်နေကြောင်း ၊ အစိုးရယန္တရားကအခုထိလည်ပတ်နေဆဲဖြစ်တယ်လို့သိရပါတယ်။
မြို့ထဲထိ တိုက်ပွဲကူးစက်လာခြင်းမရှိပေမယ့် မြို့ထဲကလူအချို့ကတော့ အရေးပေါ်အခြေအနေအတွက်ပြင်ဆင်မှုတွေပြုလုပ်ထားကြောင်း ၊ အမှတ်၁ ချစ်ကြည်ရေးတံတားကတော့ အခုထိဖွင့်ထားဆဲ ဖြစ်တယ်လို့သိရပါတယ်။
မြဝတီမြို့မှာ တခုတည်းကျန်တဲ့ ခလရ ၂၇၅ တပ်နဲ့ KNU ပူးပေါင်းတပ်တွေအကြား ဧပြီလ ၉ ရက်နေ့ မှာတိုက်ပွဲစဖြစ်ပြီး ၁၀ ရက်နေ့ ညကတည်းက တိုက်ပွဲရပ်သွားကြောင်း၊ အဲ့ဒီနောက်မှာ ခလရ၂၇၅ တပ်က အမှတ်၂ ချစ်ကြည်ရေးတံတားအောက်ကို တပ်ဆုတ်ကာ နေရာယူခဲ့တာဖြစ်ပါတယ်။
ခလရ၂၇၅တပ်ရှိရာ အမှတ်၂တံတားကို ၁၀ ရက်အကြာမှာ KNLA ပူးပေါင်းတပ်တွေက ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နစကဘက်ကစစ်ကူပေးပို့နိုင်ခြင်းမရှိဘဲ လေကြောင်းပစ်ကူမှုသာ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW