မူဆယ်က ပြန်ပေးဆွဲဂိုဏ်း အဖွဲ့ဝင် ၉ ယောက် ဖမ်းမိ

ဧပြီ ၂၂၊ ၂၀၂၄
Shy V
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မြန်မာ – တရုတ် နယ်စပ်၊ မူဆယ်မှာ ပြန်ပေးဆွဲဂိုဏ်း အဖွဲ့ဝင် ၉ ယောက်ကို ဧပြီလ ၂၂ ရက်နေ့မနက်နဲ့ ဒီရက်ပိုင်း အတွင်းမှာ စစ်တပ်နဲ့ ပူးပေါင်း အဖွဲ့ကဖမ်းဆီးမိထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မူဆယ် ဗျူဟာက လာခေါ်သွားပြီ။ မူဆယ်မှာ ပြန်ပေးဆွဲ လုပ်စားနေတဲ့ သူခိုး၊ ဓားပြ အဖွဲ့တွေလေ။အဲဒီ အဖွဲ့က ဘယ်သူတွေဖြစ်တယ်၊ ဘယ်လို အဖွဲတွေ ဖြစ်တယ် ဆိုတာတော့ မသိရသေးဘူး” လို့ ဒေသခံအမျိုးသား တယောက်က ပြောပါတယ်။
ဒီလို သန်မာ ရွယ်ကောင်းတဲ့ လူငယ်ပိုင်းတွေကို အုပ်စုဖွဲ့ အသုံးချနေတာ ဘယ်သူဘယ်ဝါ တွေဖြစ်တယ်ဆိုတာစုံစမ်းနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
မူဆယ်က ပြန်ပေးဆွဲ အဖွဲ့တွေ ဖမ်းမိတယ်လို့တော့ ကြား ပေမယ့် အတိအကျတော့ မသိရသေးဘူးလို့ မူဆယ်က ဌာနဆိုင်ရာ တာဝန်ရှိသူ ‌တယောက်က ပြောပါတယ်။
“တဖြည်းဖြည်း ပြန်ပေးဆွဲ စရာ မရှိတော့ဘူးဆို ဘာတွေဆွဲတာတုန်း ဆိုတော့ အခု ဟိုမှာ အဲဒီဆေးရုံတွေကို ပစ်မှတ်ထားပြီး ဆွဲတော့တာ။” လို့ ဌာနဆိုင်ရာ နဲ့ နီးစပ်တဲ့ နယ်စပ်ဒေသခံ တယောက်က ပြောပါတယ်။
မူဆယ်မြို့၊ ခရစ်ယာန်ရပ်ကွက်မှာ ဆေးခန်း ဖွင့်ထားတဲ့ ဒေါက်တာ မိုးကျော်သူကို တရုတ်ငွေ ယွမ် သိန်း ၃၀ (ကျပ် သိန်း ၁၅၀၀၀ ကျော်) နဲ့ ပြန်ပေးဆွဲ ခံခဲ့ရပြီးနောက် မူဆယ်မြို့ရှိ ဆေးရုံတခုက ဆရာဝန် ၄ ဦး ထပ်မံ ပြန်ပေးဆွဲ ခံရသေးတယ်လို့ သူက ရှင်းပြပါတယ်။
ခရိုင်လူကြီးက အစ မုန့်ဟင်းခါးသည်ပါ မကျန် ပြန်ပေးဆွဲ၊ ခြိမ်းခြောက် ငွေညှစ်နေတဲ့ အဲဒီ ပြန်ပေးဆွဲ ဂိုဏ်းက သီးသန့် ဖွဲ့ထားတဲ့ အဖွဲ့ ဖြစ်တယ်လို့ ယူဆရပြီး မူဆယ်မြို့ကို ကျွမ်းကျင် နားလည်သူ ခေါင်းဆောင်က နောက်ကွယ်ကနေ ကြိုးကိုင်နေတယ်လို့ ယူဆတယ်လို့ သူက ပြောပါတယ်။
“သုတို့ ဂုိဏ်းခေါင်းဆောင် ဖြစ်သူတွေက ဖမ်းခံရတော့မယ်ဆိုတာတောင် ကြိုသိလောက်တယ်။ ဘာသတင်းမှ တောင်မထွက်ခင် ဖမ်းခံရတာနဲ့ သိလာက်ပြီ။ ကွတ်ခိုင်ဘက်ကတောင် တယောက် ပါသလိုလို သတင်းထွက်နေတယ်” လို့ ကွတ်ခိုင်ဒေသခံ တ‌ယောက်က ပြောပါတယ်။
လက်ရှိမှာဝောာ့ ဖမ်းမိထားသူတွေကို စစ်ဆေးနေဆဲ ဖြစ်ပြီး အသေးစိတ် သိရရင် ကွင်းဆက်တွေပါ ထုတ်ပြန်ပေးသွားမှာ ဖြစ်ကြောင်း ဌာနဆိုင်ရာနဲ့ နီးစပ်သူ တယောက်က ပြောပြပါတယ်။
ဒေသခံတွေကတော့ မူဆယ်က ပြန်ပေးဆွဲ အုပ်စုတွေကို ဖမ်းမိလို့ အဲဒီ ပြန်ပေးဆွဲ‌ေနသူ‌ေတွရဲ့ နောက်ကွယ်မှာ ဘယ်သူတွေက ပါဝင် ကြိုးကိုင်နေသလဲ ဆိုတာကို အမြန်ဆုံး ဖော်ထုတ်ပေးနိုင်ဖို့ မျှော်လင့်နေကြတယ်လို့ ပြောနေကြပါတယ်။
မူဆယ်က ကုန်စိမ်းသည်၊ ဆိုင်ကယ်ပြင်ဆိုင်၊ သံတိုသံစပါ မကျန် ကုန်ဆိုင်၊ ဆရာဝန်၊ လုပ်ငန်းရှင်တွေကို ပြန်ပေးဆွဲ အဖွဲ့တွေက ပြန်ပေးဆွဲ ခြိမ်းခြောက် ငွေညစ် ​ေနကြပြီး မူဆယ်မြို့ ပေါ်က ဆိုင်ကြီးတွေ အများစု ပိတ်ထားရသလို တချို့က သုံးကြိမ်အထိ ထပ်ထပ် ပြန်ပေးဆွဲခံနေရသူတွေ ရှိနေတယ်လို့ ပြန်ပေးဆွဲသူတွေ ဖုန်းဆက် ခြိမ်းခြောက်နေလို့ ရှောင်တမ်းနေရတဲ့ နယ်စပ် ကုန်သည် တယောက်က ပြောပါတယ်။
ဒီလို ပြန်ပေးဆွဲမှုတွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစ လားရှိုး၊ ကွတ်ခိုင်င်၊ နမ့်ဖတ်ကာ၊ နမ့်ခမ်း၊ မူဆယ်၊ ပန်ဆိုင်း (ကြူကုတ်)၊ မုံးကိုးတွေမှာ ပြန်ပေးဆွဲ ဓားပြတိုက်မှုတွေ ပိုမိုဆိုးဝါးလာပြီး ၂၀၂၃ နှစ်ကုန်ပိုင်းကစ မူဆယ်မြို့ပေါ်မှာ ကလေးနဲ့ လုပ်ငန်းရှင်တွေကို ပြန်ပေးဆွဲမှု နေ့တိုင်းနီးပါးဖြစ်လာကာ လုပ်ငန်းရှင်တွေ အများစု ဆိုင်တွေ ပိတ်သိမ်းကာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မူဆယ်က လုပ်ငန်းရှင်တွေက ပြောပါတယ်။
Photo Crd# CJ

Related posts

Leave a Comment

VOM News

FREE
VIEW