ဧပြီ ၂၄ – ၂၀၂၄
SN (VOM)
အိမ်နီးချင်း တရုတ်နိုင်ငံသို့ မြန်မာအလုပ်သမားတွေ တရားဝင် စေလွှတ်နိုင်ဖို့ နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ အေဂျင်စီအသိုင်းဝိုင်းဆီက သိရပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံကို မူဆယ်မှတဆင့် ယာယီဖြတ်သန်းခွင့် လက်မှတ်တွေနဲ့ ရက်သတ္တပတ်ခန့် နေထိုင်ကာ သွားရောက် အလုပ် လုပ်ကိုင်နေကြတာဖြစ်ပြီး အခြေခံလစာ ကျပ်သိန်းဝန်းကျင် ရရှိနေကာ တရားဝင်လမ်းကြောင်းနဲ့ သွားရောက်တာ မရှိသေးဘူးလို့ သိရပါတယ်။
“တရုတ်ဘက်ကတော့ အထည်ချုပ်စက်ရုံတွေနဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ မြန်မာအလုပ်သမားတွေ တရားဝင် ခေါ်ယူချင်တယ်လို့ပြောတယ်။ ဆွေးနွေးတာကတော့ မတ်လကတည်းက ဆွေးနွေးနေတာပေါ့။ အလုပ် လုပ်ရမှာက တရုတ်ပြည်မကြီးထဲမှာတော့ မဟုတ်ဘူး။ ယူနန်ပြည်နယ်အောက်၊ တယ်ဟုန်ပြည်နယ်ထဲက စီးပွားရေးဇုန်မှာ လုပ်ရမှာ။ အဲဒီ့မာ စက်ရုံ၊ အလုပ်ရုံတွေ အများကြီး ရှိတယ်” လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
မြန်မာအလုပ်သမားတွေ တရားဝင် စေလွှတ်နိုင်ဖို့အတွက် တရုတ်အစိုးရက Work Visa (အလုပ်လုပ်ကိုင်ခွင့် ဗီဇာ) ထုတ်ပေးဖို့ လိုအပ်ပြီး လက်ရှိမှာ တယ်ဟုန်ပြည်နယ်အစိုးရက Work Visa ထုတ်ပေးရေး ကိစ္စနဲ့ပတ်သက်လို့ ဗဟိုအစိုးရထံ တင်ပြထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ မြန်မာဘက်က အလုပ်လုပ်ကိုင်ခွင့်၊ နှစ်နှစ်သက်တမ်း ဗီဇာခွင့်ပြုချက်တို့နဲ့ လေကြောင်းမှတဆင့် စေလွှတ်ဖို့ ဆန္ဒရှိပေမယ့် ယူနန်ပြည်နယ်အစိုးရက နယ်စပ်ဂိတ်တွေကတဆင့် ခွင့်ပြုဖို့ ပြောဆိုနေတာကြောင့် ပြည်ဝင်ခွင့်နဲ့ပတ်သက်ပြီး အသေးစိတ် ညှိနှိုင်းနေတယ်လို့လည်း သိရပါတယ်။
“တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိဖို့အတွက်က ဥပဒေကြောင်းအရ ညှိနှိုင်းရဦးမှာပါ။ ပြည်ဝင်ခွင့်ရဖို့ အသေးစိတ် ညှိနှိုင်းရမှာတွေ ရှိသေးတယ်။ ဟိုက ခေါ်ခွင့်ရပြီ ဆိုရင်တော့ ဒီကသွားမယ့် အလုပ်သမားတွေက ဗီဇာဝင်တာ၊ သင်တန်းတက်တာတွေ လုပ်ရမှာပါ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ တချို့သော လိုင်စင်ရ အေဂျင်စီတွေဆီမှာ တရုတ်ပြည်နယ်၊ တယ်ဟုန်ဒေသအတွက် ခေါ်ယူမယ့် အလုပ်ခေါ်စာ (Demand Latter) တွေ ရရှိထားတယ်လို့ သိရပြီး အလုပ်သမား စေလွှတ်ရေးအတွက် နှစ်ဖက် ဝန်ကြီးဌာန ညှိနှိုင်းဆွေးနွေးမှုကို စောင့်နေတယ်လို့ သိရပါတယ်။
ခွင့်ပြုချက် ရရှိတာနဲ့ ပထမဆုံးအသုတ်ကို အလုပ်သမား ၂၀၀ ဝန်းကျင် စေလွှတ်နိုင်ဖို့ စီစဉ်နေပြီး ခရိုင်အလိုက် လစာ ယွမ် ၁၂၀၀ မှ ၂၀၀၀ ဝန်းကျင် (မြန်မာကျပ်ငွေ ငါးသိန်းခွဲမှ ၁၀ သိန်းဝန်းကျင်) ရရှိနိုင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ ခရိုင် ငါးခုရှိ အထူးစီးပွားရေးဇုန်တွေက စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်သမားလိုအပ်ချက် သိန်းဂဏန်းဝန်းကျင်ရှိနေပြီး ထိုင်းနဲ့ မလေးရှားနိုင်ငံတို့က အလုပ်ခေါ်စာတွေ ကန့်သတ်လာချိန်မှာ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် တရားဝင် သွားရောက် အလုပ် လုပ်ကိုင်နိုင်ဖို့ အေဂျင်စီတွေက စီစဉ်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။
Photo – MOI
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...