မူဆယ်မှာ ဖမ်းမိထားတဲ့ ပြန်ပေးဆွဲဂိုဏ်းဝင် ရှစ်ယောက် အသတ်ခံရ



ဧပြီ ၂၄၊ ၂၀၂၄
Shy (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်နယ်စပ်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းမိထားတဲ့ ပြန်ပေးဆွဲဂိုဏ်းက အဖွဲ့၀င်ရှစ်ယောက်ကို သတ်ပစ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

“ဟုတ်တယ်။ သတ်ပစ်ပစ်လိုက်ပြီ လို့ ကြားတယ်။ ကွတ်ခိုင်ကလည်း ပါတယ်လို့ ကြားနေတယ်။ ဘယ်သူဘယ်ဝါ ဆိုတာ ထုတ်ပြန်ထားတာတော့ မတွေ့ဘူး။ ကျောင်းသား လည်း တယောက်ပါနေတယ်” လို့ ကွတ်ခိုင်ဒေသခံ အမျိုးသား တ‌ယောက်က ပြောပါတယ်။

အဲဒီ မူဆယ်မှာ ပြန်ပေးဆွဲမှု လုပ်နေတဲ့ အဖွဲ့ကို ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နဲ့ ၂၂ ရက်ကြားမှာ နစကတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်း တပ်ဖွဲ့တွေက ဖမ်းမိထားတာ ဖြစ်ပြီး ဧပြီလ ၂၃ ရက်နေ့မှာ စစ်ဆေးပြီး ပစ်သတ်လိုက်တာ လို့ ယူဆရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

“အဲဒီ မုံးကိုးက တစ်ယောက်က ပြည်သူ့ စစ်မှာ အလုပ်ခေါ်လို့ သွားလုပ်နေတာပဲ။ ဘယ်လိုလုပ် ဒီလို ဖြစ်လာတာလဲ။ သူတို့ကို ခိုင်းတဲ့ လူမရှိရင် ဒီလို လုပ်စရာ အကြောင်းမရှိဘူး။ ခေါင်း‌‌ဆောင်ကိုပဲ ရအောင် ရှာရမှာ။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

မူဆယ်မှာတော့ ပြန်ပေးဆွဲ၊ လုယက် ဓါးပြတိုက်နေတဲ့ သီးခြား ဖွဲ့ထားတဲ့ အဖွဲ့ငါး ဖွဲ့ ထက်မက ရှိနေပြီး တရုတ်လူမျိုး အများဆုံးပါဝင်ကာ တချို့ ပြန်ပေးဆွဲ အဖွဲ့က ပြည်စူ့စစ်နဲ့ ဆက်နွှယ်မှု ရှိနေတယ်လို့ ဒေသခံ အချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကလည်း ပြန်ပေးဆွဲ အဖွဲ့ နှစ်ဖွဲ့ ဖမ်းမိထားပြီး အဲဒီ နှစ်ဖွဲ့ စလုံးက ပြည်သူ့စစ် အဖွဲ့ ဖြစ်ကာ နမ်ဂျောန် ဆိုတဲ့ ပြည်သူ့စစ် အဖွဲ့နဲ့ တခြား ပြည်သူ့ စစ်အဖွဲ့တစ်ဖွဲ့က လူတွေဖြစ်တယ်လို့ မူဆယ်ခရိုင်က တာဝန်ရှိသူ တယောက်က ပြောပါတယ်။ မူဆယ်မှာတော့ ပြည်သူ့စစ် အဖွဲ့ပေါင်း ၂၀ ထက်မနည်း ရှိတယ်လို့ မူဆယ်ဒေသခံ တယောက်က ပြောပါတယ်။

မူဆယ်မြို့မှာ ကျင်လည်ကျက်စားနေတဲ့ ပြန်ပေးဆွဲ အဖွဲ့တွေဟာ ကလေးသူငယ်တွေ အပါအဝင် ကုန်စိမ်းသည်ပါမကျန် ဆိုင်ရှင် လုပ်ငန်းရှင်တွေ၊ ဆရာဝန်တွေကိုပါ ပြန်ပေးဆွဲ ငွေညှစ်နေပြီး ပြန်ပေးဆွဲ ခံရတဲ့သူတွေဟာ မြန်မာငွေ ကျပ် သိန်းနှစ်ထောင် ကနေ ကျပ် သိန်းတသောင်းခန့် အထိပေးပြီး (အသက်ကို) ရွေးယူရကာ မြန်မာငွေနဲ့ မယူတာကြောင့် တရုတ်ငွေနဲ့ ပြန်လဲလှယ် ရွေးယူရတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ နှစ်ကုန်ပိုင်းကစ ပြန်ပေးဆွဲမှု ပိုမိုဆိုးဝါးလာလို့ ပြန်ပေးဆွဲ ခံရတဲ့ လုပ်ငန်းရှင်အများစုဟာ ဆိုင်တွေကို ပိတ်ပြီး မြို့ကြီးဘက်တွေနဲ့ တရုတ်ဘက်ခြမ်း ရွှေလီဘက်မှာ တိမ်းရှောင် နေကြရတာ ဖြစ်ပါတယ်။

Photo Crd# CJ

Related posts

Leave a Comment

VOM News

FREE
VIEW