ဘန်ကောက် ၊ ဧပြီ-၂၅-၂၀၂၄
မျိုးဆက်(VOM)
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းတွေ ပြေလျော့ရေးအတွက် အာဆီယံအဖွဲ့ဝင်သုံးနိုင်ငံ သို့မဟုတ် ဒီထက်ပိုတဲ့အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆွေးနွေးဖို့ ထိုင်းနိုင်ငံက အဆိုပြုထားပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရေးအတွက် အာဆီယံရဲ့ Troika နဲ့ Troika plus ဆွေးနွေးပွဲတွေပြုလုပ်ဖို့ လက်ရှိအာဆီယံအလှည့်ကျဥက္ကဌ လာအိုကို ထိုင်းနိုင်ငံက အဆိုပြုခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura ကပြောပါတယ်။
အာဆီယံရဲ့ Troika အစီအစဉ်မှာ ယခင်၊ လက်ရှိတဲ့ နောက်လာမယ့် အာဆီယံအလှည့်ကျ ဥက္ကဌနိုင်ငံတွေဖြစ်ပြီး အင်ဒိုနီးရှား၊ လာအိုနဲ့ မလေးရှားတို့ပါဝင်ပြီး Troika plus ကတော့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းပေးလိုတဲ့ အခြားအာဆီယံနိုင်ငံတွေ ပါဝင်မှာဖြစ်ပါတယ်။
အဆိုပြုထားတဲ့ ဆွေးနွေးပွဲတွေကို ထိုင်းနိုင်ငံမှာ ကျင်းပနိုင်ဖွယ်ရှိနေပြီး နစကနဲ့ တော်လှန်ရေးအဖွဲ့တွေကြား ငြိမ်းချမ်းရေးအကျိုးဆောင်လုပ်ဖို့လည်း ထိုင်းနိုင်ငံက အဆင်သင့်ရှိတယ်လို့ Nikorndej Balankura ကပြောပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခဟာ ထိုင်းနဲ့မြန်မာဖြစ်နေတာမဟုတ်တဲ့အတွက် အကျပ်အတည်းအပေါ် ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်က ရှင်းလင်းနေပြီး ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားရသူတွေကို ထိုင်းအစိုးရက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဆက်လက်ပေးအပ်သွားမယ်လို့ သူကဆိုပါတယ်။
မြန်မာ့နိုင်ငံရေး ပဋိပက္ခ ဟာ ထိုင်းနိုင်ငံကိုသာမက ဒေသတွင်းနိုင်ငံတိုင်းကို သက်ရောက်နေပြီး ငြိမ်းချမ်းရေးကို ထောက်ခံအားပေးသူအဖြစ် ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်ကို အလေးပေးဆောင်ရွက်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura ကပြောပါတယ်။
Ref:Bangkok Post
Photo:CJ
မြန်မာ့နိုင်ငံရေး အကြပ်အတည်းပြေလည်ရေး Troika ဆွေးနွေးပွဲတွေ လုပ်ဖို့ ထိုင်းနိုင်ငံအဆိုပြု
