မမြရင် ပါးပေါ်က အမာရွတ်လေး

 

 

ဆူးငှက်

 

 

လေဘာတီမမြရင်အကြောင်း လွမ်းဆွတ်ဖွယ်ရာ ပြန်လှန်ပြောကြတော့ သူ့ပါးလေးပေါ်က အနာရွတ်လေး အကြောင်းက ပါစမြဲဖြစ်သည်။ ထိုစဉ်ကာလ မမြရင်တို့ စန်းထလိုက်ပုံက အလွှာပေါင်းစုံ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အရွယ်ပေါင်းစုံ၏အသည်းကျော် ဖြစ်နေသည်။ အငြိမ့်အပြီး မမြရင်နှင့် မိခင်ကြီး ဒေါ်ဉာဏ်ရုံတို့ အိမ်ပြန်မယ်ဆိုလျှင် လိုက်ပို့ချင်သူတွေက မရှား၊တန်းကို စီလို့တဲ့။ တစ်ခါတရံ ပုန်းရှောင်ပြီးမှ ဆိုက်ကားလေးနှင့်ပဲ လူသူမသိ ပြန်ကြရသည်။ သို့သော် ပရိသတ် အထင်အမြင်လွဲမှာ စိုးသောကြောင့် လိုက်ပို့ချင်သူ၏ ဆန္ဒကိုလိုက်လျောကာ သူတို့ကားပေါ် သားအမိနှစ်ယောက်သား ထိုင်လိုက်ရသည်လည်း ရှိသည်။

 

 

တစ်ညသား မြို့လယ်ခေါင် ဈေးခိုအနီးတွင် အငြိမ့်ရှိသောအခါ ထိုညပွဲအပြီးတော့ လိုက်ပို့ပါရစေဟု  တစာစာပူဆာနေသူ တစ်ဦးကို လိုက်လျောခဲ့သည်။ သူကလည်း မမြရင် ပွဲကရာ အမြဲလိုက်ပါပြီး အငြိမ့်ပြီးသည်အထိ ကြည့်ရှုပြီးလိုက်ပို့ပါရစီ ဟုချည်း ပူဆာနေသူ တစ်ဦးလည်း ဖြစ်ပါသည်။ အခု သည်ညတော့ မြို့လယ်ခေါင် ပွဲမို့ လိုက်ပို့မည်ကို လက်ခံလိုက်ခြင်း ဖြစ်သည်။ အငြိမ့်ပွဲခင်းက မမြရင်နေထိုင်ရာ မင်္ဂလာဈေးကို ပြန်ရာတွင် ၈၄လမ်းမအတိုင်း တောင်သို့ သွားပြီး ၃၅အေလမ်းက တက်မှာတဲ့။ ဤသို့ဖြင့် မမြရင်တို့ သားအမိလည်း လိုက်ပို့မည့်သူ၏ မှန်လုံကားလေး ပေါ် နောက်ခန်းက တက်လိုက်ရတာပေါ့။ သို့သော် ဒီသတင်းက အပြင်မှာတော့ အစိုးရိမ်လွန်သူ ကာလသားများ ကြားမှာ တစ်မျိုး ဖြစ်နေတာပေါ့။ “ဒီည မမြရင်ကိုဘာသာခြားတစ်ယောက်က ကားတင်ပြေးတော့မှာ” ဟူလို။ ဒီသတင်းက အငြိမ့်ပွဲခင်းထဲမှာ ကတည်းက ပျံ့နေပြီလေ။ထို့ကြောင့် ကာလသားများက အချင်းချင်းလက်တို့ကာ အငြိမ့်စ်နောက် ထိုးထားသော ထိုသူ၏ ကားကို ပြပြီး အတည်ပြုကြပြီလေ။

 

သည်တွင်ပဲ မမြရင်ကိုတော့ အပါမခံနိုင်၊ ပြန်လုကြမည် ဆိုကာ ပွဲပြီးလု အချိန်ကပင် သူတို့ပြန်မည့်လမ်းပေါ်ရှိကျောက်သွေးတန်း ရွှေမောင်းတိုက်ရှေ့ မန်ကျည်းပင် အမှောင်ရိပ်က စောင့်ကြသတဲ့။ ပွဲပြီးတော့ မမြရင်က သူ့ကားပေါ်တက်၍လိုက်တာ ဆိုတော့ သေချာလောက်ပြီလေ။ ထို့ကြောင့် မမြရင်ပါသည့် ကားလေးက ရွှေမောင်း တိုက်ရှေ့ အရောက်ကာလသားတွေက ကားမောင်းသူကို တိုက်ခိုက်ဖို့ ရေနွေးထည့်ထားသည့် ပုလင်းနှင့် ပစ်ပေါက် လိုက်သတဲ့။ ကားက မောင်းနေတာမို့ ပုလင်းက လိုရာမရောက်ဘဲ ကားကိုပဲထိကာ ကွဲတော့သည်။ ထိုအခါ ပုပင်းကွဲစ က နောက်ခန်းတွင် လိုက်ပါသော မမြရင်ကို စင်၍ ထိသောအခါ မမြရင် ၏ ဘယ်ဘက် ပါးပေါ်မှာ သေရာပါ အနာရွတ်လေး ဖြစ်သွားသတဲ့။ နောက်တော့ ထိုအနာရွတ်လေးကပင် ကြည့်ကောင်းကာ မမြရင်၏ trade mark သဖွယ် ဖြစ်နေလေတော့ ထိုခေတ် မိန်းကလေးများကပင် မမြရင်လိုအနာရွတ်လေး ဘယ်ဘက်ပါးပေါ် သနပ်ခါးဖြင့် ပုံဖော် တုပကြတော့သည်။ မမြရင် စန်းက အဲ့သလို။

 

 

မမြရင် မရှိတော့သည့်နောက် မမြရင်အကြောင်း ရေးကြပြောကြသောအခါ ထိုဖြစ်စဉ်ကို အကြောင်းပြုပြီး နန်တော်ရှေ့ဆရာတင်က “တုံးကျော်မ” သီချင်းကို ရေးပေးသယောင်ယောင် ရေးကြ ပြောကြသည်။ တကယ်တော့ မဟုတ်ပါ။ “တုံးကျော်မ” သီချင်း ဗျုပ္ပတ်က မမြရင် တစ်နယ်တစ်ကျေး ဝေးသီခေါင်ရာ အရပ်မှာ အသက်အန္တရာယ် စိုးရိမ်ဖွယ်အထိ ဖြစ်ပွားခဲ့သည့်ဟိုးလေးတကျော် ဖြစ်စဉ်အပေါ် အခြေခံသည့် သီချင်း တစ်ပုဒ် ဖြစ်ပါ၏။ ဒီလိုပါ။

 

 

 

မြန်မာ့ဆိုင်းလောကတွင် နေတစ်ဆူ လတစ်ဆူအဖြစ် ထင်ရှားခဲ့သော ဆိုင်းပညာရှင် စိန်ဗေဒါကို မြန်မာ သက္ကရာဇ်၁၂၄၄ နတ်တော်လဆန်း ၁ ရက် သောကြာနေ့တွင် အဖဘုရင့် လက်ထက်တော် အတွင် းစိန်ဆိုင်းတော်တီး လက်ယာစိန်ဆိုင်းအမှုထမ်း ဆီဆုံဆယ်ရွာစား နေမျိုးကျော်ခေါင် ဘွဲ့ရ ဆရာဖေကြီး၊ အမိအပျိုတော် ဒေါ်မမလေးတို့မှ မန္တလေး ရွာသစ်အရပ်၌မွေးဖွားခဲ့သည်။ စိန်ဗေဒါ၏ ဇာတာတွင် မောင်သာလှိုင်ဟု ဖော်ပြပါရှိ၍ ငယ်အမည်မှာ မောင်ကလေးဖြစ်သည်။ နာမည်က မောင်ကလေး ဖြစ်သော်လည်း ဗေဒါ ဗေဒါ နင့်ဘူးကို ဘယ်သူချဲ့ ပြောဟဲ့ ဗေဒါ ဆိုသော သီချင်းကြောင့် မောင်ဗေဒါဟု တွင်သည်။

 

 

ဆိုင်းဆရာကြီး စိန်ဗေဒါသည် ၁၆ နှစ်သားအရွယ်မှစ၍ ဆိုင်းပညာကို လေ့လာ ဆည်းပူးခဲ့သည်။ စိန်ဗေဒါသည်ဆိုင်းတခုတည်းသာမက တခြားသော မြန်မာတူရိယာ များဖြစ်သည့် စောင်း၊ မိကျောင်း၊ ပတ္တလား၊ နှဲတို့ အပြင် အနောက်တိုင်းတူရိယာများဖြစ်သော တယော ၊ ဘင်ဂျို ၊ မယ်ဒလင်၊ လက်ဆွဲဘာဂျာ၊ ကောနက် တို့ကိုလည်း ကောင်းစွာ တီးမှုတ်နိုင်သည်။သီချင်းဆိုရာတွင် သူ၏ သြဇာကောင်းသည့ ဘယ်သံကြီးက တစ်မူထူးခြား ကောင်းမွန် လှသည်။ စိန်ဗေဒါသည် ဂီတပညာကိုဆည်းပူးရာတွင် မည်သူ့ထံမှမဆိုတောင်းခံရန် ဝန်မလေးသူမဟုတ်သဖြင့် နန်းတွင်း စောင်းပညာရှင်ကြီး ဒေဝဣန္ဒြာမောင်မောင်ကြီးမှသည် မဟာမုနိဘုရားကြီး လိပ်ကန်အနီးတွင် တယောထိုးကာ မျက်မမြင် တောင်းရမ်းနေသူ  ဘကြီးကျန်ထံကအထိပညာဆည်းပူးခဲ့သူ ဖြစ်သည်။

 

 

စိန်ဗေဒါသည် အိန္ဒိယနိုင်ငံ ဘုံဘိုင်ပြည်နယ် ရတနာဂီရိသို့ မြန်မာသက္ကရာဇ် ၁၂၇၂ (အေဒီ ၁၉၁၁) တွင် ရတနာဂီရိစံသီပေါမင်းနှင့် မိဘုရားခေါင်ကြီးတို့၏ တိုက်သစ်မင်္ဂလာအတွက် ဆရာဦးလူကြီး၊ ဆရာဦးပေါ်ဦး၊ စောင်းဒေဝဣန္ဒာ မောင်မောင်ကြီး၊ အကမိန်းမမင်းသားမစောရင်၊ မင်းသမီးမစန်းကြည်တို့နှင့်အတူ လိုက်ပါသွားခဲ့သည်။ ထိုသို့ လာရောက် ဖျော်ဖြေပြီးနောက် နေမျိုးဗလကျော်သူဘွဲ့ နှင့် ရွှေသိုင်းအလံ ၄ ချက်၊ ဖန်အိုး (ဖန်ပန်းဒိုင်း) တို့ ချီးမြှင့် ပေးသနားခြင်းခံရသည်။ နောက်တကြိမ် မြန်မာသက္ကရာဇ် ၁၂၇၃ တွင်သီပေါမင်း၏ သမီးတော်များ နားထွင်းမင်္ဂလာသို့ ဒုတိယအကြိမ် သွားရောက် တီးခတ်ခဲ့ရသည်။’ထိုအကြိမ်တွင် ဇနီးမစိန်မေလည်းလိုက်ပါသွား၏။ ထိုပွဲတွင် စိန်ဗေဒါ ဆိုင်းအဖွဲ့က အနောက်တိုင်း ဘင်ခရာတီးဝိုင်းမှတီးလုံးတိုင်းကို နားဖြင့် မှတ်ကာ တူရိယာ သင်္ကေတများ မပါဘဲ ပြန်လည် တီးပြ နိုင်ခဲ့သောကြောင့် ဘုံဘိုင် ဘုရင်ခံ ဆာဂျော့ကလပ် နှင့် အိန္ဒိယပြည်ရှိ အနောက်တိုင်း ဘင်ခရာ တီးဝိုင်းသား များကပါ ချီးကျူးခဲ့ကြသည် ။

 

 

ရွာစားကြီးစိန်ဗေဒါ သည် သူ့သီချင်း သူ့တီးလုံးများကို ဓာတ်ပြား ၆၄ ပြားမျှ အသံသွင်းခဲ့သည်။ ထိုသီချင်း ထိုတီးလုံးများတွင် သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင် ရေးစပ်ခဲ့သော “ရှစ်ဌာန သာလာယံ” အမည်ရှိ သီချင်းမှာ ထင်ရှားလှ၏။မန္တလေး ရတနာပုံ နေပြည်တော် တည်ထောင်သောအခါ မင်းတုန်းမင်းသည် ရွှေမြို့တော်၏ လေးပြင်လေးရပ်တွင် ကုသိုလ်ပြုတည်ဆောက်ထားသော ဇရပ်ကြီးရှစ်ဆောင်ရှိသည်။ ထိုဇရပ်ကြိးရှစ်ဆောင်ကို ရှစ်ဌာန သာလာယံ ဟု တင်စားကြ၏။ ထိုအကြောင်း ယှက်နွှယ်၍ “ရှစ်ဌာန သာလာယံ” ကို နန်းတော်ရှေ့ဆရာတင်က ရေးစပ်ကာ ရွာစားကြီးစိန်ဗေဒါက တီးလုံးတီးကွက်များ လက်စွမ်းပြပြီး တီးခတ်ခဲ့ရာ အလွန်နာမည်ကြီးခဲ့သည်။

 

 

 

ထို့အတူ စစ်ကြီးမတိုင်မီ ခေတ်က မန္တလေးတွင် အငြိမ့်တစ်ခေတ် ထွန်းကားခဲ့ရာ အငြိမ့် မင်းသမီး လေဘာတီမမြရင် ကထင်ရှားခဲ့သည်။ လေဘာတီမမြရင်၏ ထူးခြားမှုမှာ ပရိသတ်၏ မေတ္တာ ကရုဏာများကို ပိုမိုရရှိခြင်းဖြစ်ရာ မမြရင်က ချစ်မွေးပါသည်ဟုပင် ပြောစမှတ်ဖြစ်ကြသည်။ မမြရင်က အဆိုအကတွင် ညက်ညောရုံမက ရုပ်ရည် ဟန်ပန် အမူအရာက အစ ယဉ်ကျေးဖွယ်ရာလှလွန်းသဖြင့် မြင်သူတိုင်းက ချစ်ခင်ကြသည်။ ဤသို့ ပြည်သူချစ်သော မင်းသမီးက တစ်နှစ်တွင် ရှမ်းပြည်နယ်သို့အငြိမ့်နှင့် အတူ သွားရောက် က ပြရသည်။ ထိုစဉ်က အသွားအလာ ခက်ခဲသော အချိန်မို့ ထိုသို့ ရှမ်းပြည်နယ်သို့ သွားရောက် ကပြရလျှင် ပွဲခွင်များကို တစ်ဆက်တည်း ချိတ်ထားသောကြောင့် လချီကြာတတ်သည်။

 

 

ဤသို့ လချီ၍ ရှမ်းပြည်နယ်သို့ သွားရောက် ကပြသောအခါ ရာသီဥတု၊ ရေမြေနှင့် အစားအသောက် အပြောင်းအလဲများတွင် မမြရင် နေထိုင်မကောင်း ဖြစ်ခဲ့သည်။ ထိုမကျန်းမာမှုက အပရိက မဟုတ်တော့ဘဲ ငှက်ဖျားပါဝင်ကာ အသည်းအသန်ဟု ဆိုသည်။ ခေတ်ကာလအရ အဆက်အသွယ်က လွယ်လင့်တကူ မဟုတ်သောကြောင့် မမြရင်၏ ကျန်းမာရေးသတင်းကိုမန္တလေးက အတိအကျ မသိရပေ။ ထို့ကြောင့် ထုံးစံအတိုင်း ကောလဟာဠများသာ သတင်းအဖြစ် ပျံ့လွင့်နေသည်။ ထိုကောလဟာဠက ရှမ်းပြည်နယ်တွင် ငှက်ဖျား ဒဏ်ကြောင့် မမြရင် ဆုံးပြီးဟူ၍ ဖြစ်သည်။ ထိုသတင်းကြောင့် ပရိသတ်မှာ စိတ်မကောင်း ဝမ်းနည်းကြသည်။ သို့သော် ချက်ချင်း လက်ငင်း ကောက်လိုက် သွားလို့လည်း မရ။ တစ်ခါ ထိုသတင်းကလည်း မရေရာသေး၊ မသေချာသေးဟု ဆိုကြပြန်သည်။ သတင်းက အမျိုးမျိုးမို့ ကာယကံရှင်များပင် အတိအကျ မသိနိုင်သောအခြေအနေဖြစ်သည်။

 

 

ဤသို့ သို့လောသို့လော ဖြစ်ချိန်တွင်း ဆွေတော်မျိုးတော်များက တစ်လတစ်ကြိမ် နန်းရှေ့အတုမရှိ ကျောင်းတိုက်ကြီးတွင် ဆွမ်းကပ်လှူကြရာ၌ မေမြို့၌ နေထိုင်သော စောင်းနှင့် မဟာဂီတပညာရှင် အပျိုတော် အုတ်ဆက် ခင်ခင်လေး ထံကသတင်းတစ်ခုကြားလိုက်ရသည်။ မမြရင်က ရှမ်းပြည်နယ်တွင် ငှက်ဖျားကို ရှမ်းဆရာကြိးတစ်ဦးနှင့် ကုသနေရာ သက်သာလာပြီဖြစ်ကြောင်း၊ ယခုအခါ ရှမ်းပြည်မှ ဆင်းလာ၍ ကျောက်ချောရွာအနီး ဆေးဘုန်းကြီး ကျောင်းတွင် ဓာတ်စာစားရင်း နားလိမ့်မည် ဖြစ်ကြောင်း နှင့် မကြာမီ မန္တလေးသို့ ပြန်ကာ အငြိမ့်ပွဲများ လက်ခံတော့မည် ဖြစ်ကြောင်း အုတ်ဆက်ခင်ခင်လေးထံကသိကြတော့ ဝမ်းမြောက် ဝမ်းသာကြသည်။ သို့သော် တချို့က မယုံကြသေး။ မမြရင်ကို လူစားထိုးမှာဟု တစ်မျိုး၊ မမြရင် ဆံပင်တွေ ငှက်ဖျားကြောင့် ဖြတ်လိုက်ရတာ ဆံတိုဖြစ်သွားပြီဟု တစ်မျိုး၊ မမြရင် အဖျားဒဏ်ကြောင့် အသံပျက်သွားပြီးဟု တစ်မျိုး၊ မမြရင် သက်လုံမကောင်းတော့ဘူး မကနိုင်တော့ဘူး ဟု တစ်မျိုး အမျိုးမျိုး ပြောကြသည်။

 

 

 

ထို့ကြောင့် ရှမ်းပြည်နယ်မှ အပြန် မန္တလေးတွင် ပထမဆုံးကမည့် ပွဲကို ပရိသတ်က မေးခွန်းများစွာဖြင့် မျှော်လင့်ကာ ပွဲခင်းက ကျိတ်ကျိတ်တိုးနေသည်။ ပွဲကလို့ မမြရင်အလှည့်ရောက်တော့ သူ့ထုံးစံအတိုင်း အိမ်ကတည်းက ဖီးလိမ်း ပြင်ဆင်ကာ မှန်လုံကားနှင့် အငြိမ့်စင်နောက်အရောက် လာ၍ စင်ပေါ်တက် က သည်။ ထိုညပွဲတွင် မမြရင်အတွက် နန်းတော်ရှေ့ဆရာတင်ကသီချင်းတစ်ပုဒ်ကို အထူးစပယ်ရှယ် စပ်ပေးထားသည်။ တုံးကျော်မ တဲ့။ တုံးကျော်မ သီချင်းတွင် ကိုကိုမမနှင့် ပရိသတ်ကြီးမေတ္တာကြောင့် မမြရင် ကျန်းမာပါကြောင်း၊ အရပ်ရပ်က ပေးသော ရေးသော စာများလည်း ရပါကြောင်း၊ ‘မြရင် ဘုရားဂုဏ်တရားဂုဏ်မှီ မောင်တော့်စကားကို ကျွန်မချီ၊ သေတဲ့စကားကိုတော့ မကြားချင်ဘူးနော် အတည်၊ ရုပ်တော်တော်လှပါသည်၊ တုံးကျော်မ လေဘာတီ” ဟူသော စာသားဖြင့် သီချင်းကို လက်စသတ်ထားသည်။

 

 

တကယ်တော့ မမြရင်အတွက် နန်းတော်ရှေ့ဆရာတင် ရေးစပ်ပေးသော တုံကျော်မ သီချင်းအသွားက ယခင်က ရွာစားကြီးစိန်ဗေဒါကို နန်းတော်ရှေ့ဆရာတင်ပင် ရေးစပ်ပေးခဲ့သော ရှစ်ဌာန သာလာယံ သီချင်းအသွားပင် ဖြစ်သည်။ ထို့ကြောင့် တီးလုံ အပိုဒ်များတွင် ရွာစားကြီးက စိတ်ကြိုက်ကွန့်ကာ လက်စွမ်းပြထားသည်။ ယခု လူမမာနာလံထ မမြရင်အတွက် ရေးစပ်ပေးသော တုံးကျော်မကလည်း ရှစ်ဌာန သာလာယံ အသွားဆိုတော့ မမြရင်၏ အကပိုဒ် များကလည်း ရွာစားကြီးတီးလုံးအတိုင်း မလျော့တမ်း နင်လားငါလားဖြစ်သည်။ နှဲရေလည်စိမ်ပင် ပါလိုက်သေးတော့။ ထိုတုံးကျော်မ သီချင်းနှင့် မမြရင် က လိုက်တော့ မမြရင် အသံပျက်ပြီ၊ မမြရင် သက်လုံ မကောင်းတော့ဘူး စသည့် အဆိုးမြင် ကောလဟာဠများလည်း ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားတော့သည်။ နန်တော်ရှေ့ ဆရာတင် ပညာစွမ်းနဲ့ နာလံထ မမြရင်ရဲ့ ငယ်မူငယ်သွေး ပြန်ပြလိုက်နိုင်ပုံ…။

 

ဆူးငှက်

#voiceofmyanmar #VOM #ဆူးငှက် #လေဘာတီမမြရင်

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW