ဘန်ကောက်၊ ဧပြီ-၂၉-၂၀၂၄
မျိုးဆက်(VOM)
နိုင်ငံရေးအကျပ်အတည်းတွေ ဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပြေလည်ရေးအတွက် အာဆီယံရဲ့ ထရိုင်ကာနဲ့ ထရိုင်ကာပလပ်စ် ဆွေးနွေးပွဲတွေလုပ်ဖို့ ထိုင်းနိုင်ငံရဲ့ အဆိုချက်ကို အာဆီယံအလှည့်ကျ ဥက္ကဌ လာအိုနိုင်ငံက ကြိုဆိုလိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ မကြာသေးမီက တင်းမာမှုတွေမြင့်တက်ပြီးနောက် ပဋိပက္ခတွေ လျော့ပါးရေးအတွက် ထရိုင်ကာဆွေးနွေးပွဲတွေလုပ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထိုင်းနိုင်ငံက အဆိုပြုခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံက အဆိုပြုခဲ့တဲ့ ဒီအစီအစဉ်ကို လာအိုနိုင်ငံအနေဖြင့် ကြိုဆိုပြီး ဒီဆွေးနွေးတွေအတွက် ထည့်သွင်းစဉ်းစားနေကြောင်း ပြောဆိုခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura ကပြောပါတယ်။
အာဆီယံရဲ့ ထရိုင်ကာ အစီအစဉ်မှာ အာဆီယံအလှည့်ကျဥက္ကဌဟောင်း အင်ဒိုနီးရှား၊ လက်ရှိဥက္ကဌ လာအိုနဲ့ နောက်နှစ်ဥက္ကဌ မလေးရှားတို့ပါဝင်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတွေဖြစ်ကာ ထရိုင်ကာပလပ်စ်ကတော့ ဒီသုံးနိုင်ငံအပြင် အခြားအာဆီယံနိုင်ငံတွေ ပါဝင်မှုကို ရည်ညွှန်းပါတယ်။
ဒီဆွေးနွေးပွဲတွေအတွက် ကျင်းပမယ့် အချိန်ကာလကို အတိအကျမသိရသေးကြောင်းနဲ့ အလှည့်ကျဥက္ကဌ လာအိုအနေနဲ့ အခြားအာဆီယံနိုင်ငံတွေနဲ့ ဒီကိစ္စကို ဆွေးနွေးဖို့လိုအပ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“ ထိုင်းနိုင်ငံအနေနဲ့က မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရာမှာ အာဆီယံကို ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်စေချင်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ တကယ့်ရပ်တည်ချက်ပါ။ ဒါကြောင့် အာဆီယံရဲ့ ထရိုင်ကာအစီအစဉ်ဟာ သင့်တော်တဲ့လမ်းကြောင်းဖြစ်ပြီး တောင်းဆိုမှုရှိလာရင် ထိုင်းနိုင်ငံအနေနဲ့ ဆွေးနွေးဖို့ အသင့်ပါပဲ”လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura ကပြောပါတယ်။
Ref:Bangkok Post
Photo:Getty Images
မြန်မာ့အရေး ထရိုင်ကာဆွေးနွေးပွဲတွေလုပ်ဖို့ ထိုင်းအဆိုပြုချက် အာဆီယံဥက္ကဌ လာအိုကြိုဆို
