ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်ဖွင့်



ရန်ကုန် ၊ဧပြီ ၃၀ – ၂၀၂၄
GG (VOM)

ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တခုဖြစ်တဲ့ မြဝတီ- မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားကို ဒီနေ့ဧပြီလ ၃၀ ရက်နေ့မှာ ထိုင်းဘက်က ဖြတ်သန်းသွားလာခွင့်ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။

အမှတ် ၂ ချစ်ကြည်ရေးတံတားကို တိုက်ပွဲကြောင့် ဧပြီလ ၂၀ ရက်နေ့မှာ ပိတ်လိုက်တာဖြစ်ကြောင်း၊ ပိတ်လိုက်ပြီး ဧပြီ ၂၁ ရက်မှာ တိုက်ပွဲတွေငြိမ်သွားခဲ့ပေမယ့် ပြန် ဖွင့်နိုင် ခြင်းမရှိဘဲ ၁၁ ရက်အကြာမှသာ ခုလိုပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

” ဒီနေ့ပဲ တံတား၂ပြန်ဖွင့်တယ်၊ကုန်ကားတွေ သွားလာနေကြပြီ၊ တံတား၂ပိတ်ချိန် မြဝတီ မှာ ဂက်စ်တွေ ပြတ်တောက်တဲ့ပြဿနာကြုံရတယ်။ကုန်သည်တွေလည်းကုန်စည်စီးဆင်းမှုပြတ်တောက်သွားတယ်။ထိုင်းကဝင်တဲ့ပစ္စည်းတွေဈေးတက်ကုန်တယ်။အခုတော့တံတားပုံမှန်အတိုင်းပြန်ဖွင့်လို့ကုန်သွယ်မှုစနေပါပြီ ” မြဝတီမြို့ခံတယောက်ကပြောပါတယ်။

အမှတ် ၂ ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်လိုက်တာကြောင့်ထိုင်းဘက်မှာ ပိတ်မိနေတဲ့ကုန်စည်ကားတွေ မြဝတီကို ဝင်ရောက်လာနေလို့ ကုန်သွယ်ရေးပြန်စတင်လည်ပတ်နေပြီလို့ဆိုပါတယ်။

တံတား၂ ပြန်ဖွင့်ပေမယ့် အစိုးရဘဏ်နဲ့ပုဂ္ဂလိကဘဏ်တွေ ပြန်မဖွင့်သေးတာကြောင့် ငွေကြေးပေးချေမှုဆိုင်ရာကိစ္စရပ်တွေအတွက် ခက်ခဲနေသေးတယ်လို့သိရပါတယ်။

” ဘဏ်တွေကတော့ခုထိဖွင့်တာမတွေ့ရသေးဘူး။ဘဏ်တွေမဖွင့်တော့ကုန်ဖိုးငွေချေရာမှာဒုက္ခရောက်တယ်။ကုန်စည်စီးဆင်းမှုမမြန်ဆန်ဘူးပေါ့ ” လို့ မြဝတီနယ်စပ်ကုန်သည်တယောက်ကပြောပါတယ်။

အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ ထိုင်းမြန်မာနှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ပြီး ထိုင်းကနေတင်သွင်းတဲ့ပစ္စည်းတွေကို မြဝတီကနေ ထို့ကော်ကိုးလမ်းမှ ၆ ဘီးကား၊၁၀ ဘီးကားတွေနဲ့ သယ်ယူရပြီး သာမညရောက်မှ တွဲကား တွေနဲ့ပြောင်းရွှေ့ကာ ရန်ကုန်အပါအဝင်ဒေသအစုံကို သယ်ယူရတာဖြစ်တယ်လို့သိရပါတယ်။

အမှတ် ၂ ချစ်ကြည်ရေးတံတားကို သင်္ကြ န်မတိုင်ခင်ကလည်း တိုက်ပွဲကြောင့်
ဧပြီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ယာယီပိတ်ခဲ့တဲ့အတွက် ခုဧပြီလထဲမှာ နှစ်ကြိမ်အထိတံတားပိတ်ခဲ့တာဖြစ်ပါတယ်။

မြဝတီ မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားကနေတဆင့် မြန်မာဘက်ကို အဓိကတင်သွင်းနေတာက စက်သုံးဆီ ၊ အိမ်ဆောက်ပစ္စည်း၊ စားသောက်ကုန်၊လူသုံးကုန်၊စာရေးကိရိယာ၊ပလတ်စတစ်ပစ္စည်း၊ကားအပိုပစ္စည်း အပါအဝင် စတဲ့ကုန်စည်တွေတင်သွင်းနေတာဖြစ်ပါတယ်။

မြန်မာကနေ ထိုင်းကိုတင်ပို့နေတဲ့ပစ္စည်းတွေကတော့ ငရုတ်စို နဲ့ငရုတ်ခြောက်၊ပီလောပီနံခြောက်၊ကြက်သွန်နီ၊cmpချုပ်ပြီးအထည် တွေတင်ပို့တာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW