ရန်ကုန်အပါ မြို့ ၁၆ မြို့မှာ ပတ်စ်ပို့စာအုပ်လျှောက်ထားမှုကို လူတန်းစီစနစ်အစား အွန်လိုင်းရက်ချိန်း စနစ် ပြောင်းလဲမယ်



ရန်ကုန်၊ ဧပြီ ၃၀ – ၂၀၂၄
GG (VOM)

မြဝတီမြို့အပါ မြို့လေးမြို့မှလွဲပြီး ကျန်မြို့အားလုံးမှာ ပတ်စ်ပို့စာအုပ်လုပ်မယ့်သူတိုင်း မေလ ၂ ရက်နေ့ကစပြီး လူကိုယ်တိုင်စနစ်နဲ့ တုံကင်ရယူခြင်းအစား အွန်လိုင်းကနေ ရက်ချိန်းရယူတဲ့စနစ် Online Appointment System စနစ်ကို ပြောင်းလဲကျင့်သုံးမယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက အသိပေးလာတယ်လို့သိရပါတယ်။

Online Appointment System စနစ်ကို ကျန်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်) ၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ ပဲခူး ၊ မြစ်ကြီးနား၊ မုံရွာ၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေ၊ ဟားခါး၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ မကွေးမြို့တွေအားလုံးမှာ လုပ်ဆောင်နိုင်မှာဖြစ်ပြီး ကျန်တဲ့ မြဝတီ၊ ကော့သောင်း၊ တာချီလိတ်မြို့တွေကတော့လူကိုယ်တိုင်လာရောက်ဖို့လိုအပ်နေသေးတယ်လို့သိရပါတယ်။

” ရန်ကုန်ကနေပြည်တော်အပါ ငါးမြို့က အွန်လိုင်းစနစ်နဲ့ အရင်ထဲကလုပ်နေရတာ၊ကျန်တဲ့မြို့ ၁၁ မြို့ကအခုမှထပ်တိုးလုပ်လို့ရမှာပေါ့။ အွန်လိုင်းကနေ ရက်ချိန်းယူလို့ရတာတကယ်အဆင်ပြေပါတယ်။အချိန်ကုန်သက်သာသလို ငွေကုန်လည်းသက်သာပါတယ်။ခုကာလခရီးတခုသွားရဖို့စရိတ်ကမလွယ်ဘူးလေ၊ အွန်လိုင်းကနေရက်ချိန်းရယူတာက အင်တာနက်မကောင်းရင်စောင့်ရတာ လောက်ပဲရှိတာပေါ့၊ကျန်တာအဆင်ပြေပါတယ် ” လို့ ပတ်စ်ပို့ လျှောက်ခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးနေသူတဦးကပြောပါတယ်။

ရန်ကုန် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ Online Appointment System စနစ်ကို ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီ လ ၂၄ ရက်မှာ စတင်ခဲ့ ပြီး နေပြည်တော်၊ပဲခူး ၊ပုသိမ်၊မန္တလေး မြို့တွေမှာက ၂၀၂၄ခုနှစ် ဖေဖေါ်ဝါရီ ၂၆ရက် မှာ စတင် လုပ်ဆောင် ခဲ့တာဖြစ်ပြီးကျန်မြို့ ၁၁ မြို့ကိုတော့မေလ ၂ ရက်မှ စတင်ဆောင်ရွက်မှာဖြစ် ပါတယ်။

အွန်လိုင်း မှ ကြိုတင်ရက်ချိန်းယူရာ မှာကယားပြည်နယ်အိမ်ထောင်စုစာရင်းဝင်သူတွေအနေနဲ့ ပြည်နယ်အစိုးရအဖွဲ့ (ဒါမှမဟုတ်) တိုင်းစစ်ဌာနချုပ် ထောက်ခံချက်နဲ့ တောင်ကြီးရုံးခွဲကို ရွေးချယ် လျှောက်ထားနိုင်ပြီး ရန်ကုန်တိုင်းအိမ်ထောင်စုစာရင်းကိုင်ထားသူတွေကလည်း နေပြည်တော် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲမှာပါ Online Booking လျှောက်ထားနိုင်တယ်လို့သိရပါတယ်။

ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီး ရုံးခွဲတွေမှာတော့ သက်ဆိုင်ရာ အိမ်ထောင်စုစာရင်းဝင်တွေ ကိုသာ လက်ခံဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်ကို မနက် ၉ နာရီမှစပြီးရက်ချိန်းရယူနိုင်မှာဖြစ်ပါတယ်။

” အွန်လိုင်းစနစ်ကိုပိုကြိုက်တယ်။မဟုတ်ရင်စာအုပ်လုပ်ဖို့အတွက် ရက်ချိန်းကိုလူကိုယ်တိုင်သွားတန်းစီစောင့်ရတာအဆင်မပြေဘူး။ခုခေတ်နိုင်ငံခြားတောင်သွားဖို့လုပ်နေတာ အွန်လိုင်းစနစ်သုံးတတ်သူများပါတယ်။မလုပ်တတ်ဘူးဆိုလည်းတုံကင်ယူပေးတဲ့ဝန်ဆောင်မှုတွေရှိနေတာပဲ အဆင်ပြေပါတယ်” လို့ ပတ်စ်ပို့စာအုပ်လုပ်ဖို့ ရက်ချိန်းစောင့်နေသူတဦးကပြောပါတယ်။

နိုင်ငံကူးလက်မှတ်လျှောက်ထားတဲ့အခါ မှတ်ပုံတင်အပြင် UID စမတ်ကတ်ပါမှသာ ပတ်စ်ပို့ စာအုပ်ထုတ်ပေးနေမှာဖြစ်တယ်လို့လည်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက အသိပေးထားပါ တယ်။

လက်ရှိမှာတော့ ပြည်ထွက်ခွာဖို့အတွက် ပတ်စ်ပို့လျှောက်ထားသူ အများအပြားရှိလာနေသလို ပတ်စ်ပို့အမြန်ရအောင် အမြန်ကြေးယူပြီးဝန်ဆောင်မှုပေးနေသူတွေလည်းရှိနေပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW