ပြည်ပအလုပ်ခေါ်စာအသစ်မှာ အမျိုးသားတွေဆို ဒီနေ့ကစ ခွင့်မပြု ယာယီရပ်



ရန်ကုန် ၊ မေ ၂ – ၂၀၂၄
GG (VOM)

ဒီနေ့ မေလ ၁ ရက်ကစပြီး ပြည်အလုပ်အကိုင် အလုပ်ခေါ်စာအသစ်ခေါ်ယူမှုမှာ ယောင်္ကျာလေးတွေဆိုရင် ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့် ယာယီရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

အရင် အလုပ်ခေါ်စာ Demand ကျပြီးသားတွေကိုသာ ပြည်ပအလုပ်လုပ်ကိုင်ခွင့်ပြုပြီး ယောင်္ကျားလေး အလုပ်ခေါ်စာအသစ်ကို ယာယီရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့သိရပါတယ်။

“အလုပ်လုပ်ခွင့်ပိတ်တာမဟုတ်ဘူး၊ ယောင်္ကျားလေးအလုပ်ခေါ်စာအသစ်ကို ယာယီရပ်ဆိုင်းထားတယ်လို့ကြားတယ် ၊ အရင်အေဂျင်စီတွေကတင်လို့ရှိရင် demand ကအွန်လိုင်းကတင်ရတယ်။ အဲ့လိုတင်တဲ့အေဂျင်စီတွေကို ယောကျ်ားလေး demand အလုပ်ခေါ်စာအသစ်ကို ယာယီရပ်ဆိုင်းတယ်လို့အကြောင်းပြန်တယ်သိရတယ်။ တရားဝင်စာတော့မထုတ်ပြန်ဘူး။တရားဝင်စာမှ မထွက်သေးတော့ အရင်အလုပ်ခေါ်စာကျပြီးသားတွေသွားလို့ရတာပေါ့။အသစ်တွေကိုပဲယာယီရပ်နားတယ်လို့သက်ရောက်တယ် ” လို့ မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ ၂ ဖြစ်သူ ဦးကျော်ထင်ကျော်က ပြောပါတယ်။

ယခုလ မေ ၁ ရက်မှစ၍ ပြည်ပနိုင်ငံများ၏ မြန်မာအမျိုးသားအလုပ်ခေါ်စာများကို ယာယီဆိုင်းငံ့လိုက်ကြောင်း

အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်းကလည်း ယောကျ်ားလေးတွေကို ဒီနေ့ကစပြီး အလုပ်ခေါ်စာအသစ်နဲ့ ပြည်ပထွက်ပြီးအလုပ်လုပ်ကိုင်ခွင့်နဲ့ပတ်သက်ပြီး မီဒီယာအချို့ကို အတည်ပြုပြောဆိုထားတာ တွေ့ရပါတယ်။

လောလောဆယ် အခြေအနေတွေအရ ယောင်္ကျားလေးတွေကို ပြည်ပထွက်အလုပ်လုပ်ကိုင်ဖို့ အလုပ်ခေါ်စာအသစ်တွေကို ခွင့်မပြုတော့တာ ဖြစ်တယ်လို့ ပြောထားတာဖြစ်ပါတယ်။

“လိုအပ်လို့ ကျွန်တော်တို့ ဆိုင်းငံ့ပါတယ်။
ယာယီဆိုင်းငံ့တာပါ။ လောလောဆယ် demand တင်ရင်၊ အမျိုးသား demand ပါလာရင် ခွင့်မပြုဘူးပေါ့ဗျာ။ လတ်တလောခွင့်မပြုဘူးပေါ့ဗျာ ” လို့ အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်းက ပြောဆိုထားတာဖြစ်ပါတယ်။

​လက်ရှိ ပြည်ပကို အလုပ်အကိုင်သွားရောက်လုပ်ကိုင်နေတဲ့ ယောကျ်ားလေးတွေထဲမှာ စစ်မှုထမ်းစာရင်းပါဝင်တဲ့ လူငယ်တွေ၊အသက်အပိုင်းအခြားတွေ ပါဝင်နေတာကြောင့် အလုပ်ခေါ်စာအသစ်နဲ့ ယောင်္ကျားလေးတွေအလုပ်လုပ်ကိုင်ခွင့်ပိတ်လိုက်တာဖြစ်နိုင်တယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီ တခုကမှတ်ချက်ပြုပါတယ်။

” အခုက ထိုင်းအသွားများတယ် ၊မလေးရှားများတယ်။ထိုင်းဆိုတရားမဝင်သွားသူတွေ ဖမ်းခံရပေမယ့်လည်းသွားနေကြတာပဲ၊ စစ်မှုထမ်းရမယ်ဆိုတဲ့ဥပဒေထွက်ပြီးမှသွားကြတာပိုများတော့ ခုလိုနည်းနဲ့ထိန်းချုပ်တဲ့သဘောလို့ထင်တယ်။ MOU နဲ့သွားဖို့ကြိုးစားနေသူတွေကတော့ စိတ်ကူးတွေရိုက်ချိုးလိုက်သလိုဖြစ်သွားတာပေါ့ ” လို့ ဆိုပါတယ်။

လက်ရှိမှာ ပြည်ပကို အလုပ်သွားရောက်လုပ်ကိုင်ဖို့ ကြိုးစားတဲ့ ယောင်္ကျားလေးအများအပြားရှိနေကြောင်း၊ အချို့ဆိုရင် စရံငွေပေးသွင်းထားရသူတွေရှိနေတယ်လို့သိရပါတယ်။

ပြည်ပကိုအလုပ်သွားရောက်လုပ်ကိုင်မှုအများဆုံးနိုင်ငံတွေက ထိုင်း၊မလေးရှား ၊ကိုရီးယား ၊ဂျပန် နိုင်ငံတွေကအများဆုံးဖြစ်ပြီး စင်္ကါပူ ၊ဒူဘိုင်း၊ကာတာနိုင်ငံတွေကိုလည်း သွားရောက်မှုရှိနေပါတယ်။

Photo Crd အလုပ်သမားဝန်ကြီးဌာန

Related posts

Leave a Comment

VOM News

FREE
VIEW