ကချင်ပြည်နယ် အထက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် ပူတာအိုနယ်မှာ ကုန်စျေးနူန်းတွေ အဆမတန်မြင့်တက်လာ

မေ ၊ ၅ ၊ ၂၀၂၄
SP ( VOM)
ပြီးခဲ့တဲ့ မတ် ၈ ရက်ကစလို့ ကချင်ပြည်နယ် အထက်ပိုင်း မြစ်ကြီးနားနဲ့ ပူတာအိုကြားမှာ နစကတပ်ဖွဲ့တွေနဲ့ KIA လက်နက်ကိုင်အဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားပြီး ၊ မြစ်ကြီးနား – ပူတာအို လမ်းပိုင်းဟာလည်း ပိတ်ဆို့မှုတွေလုပ်ထားကြောင့် အခုထိ ကုန်စည်သယ်ယူပို့ဆောင်ခွင့် မရသေးဘူးလိူ့ ကားသမားတွေဆီက သိရပါတယ်။
ကားသမား တယောက်က ” မြစ်ကြီးနား – လမ်းပိုင်းပိတ်ထားတာ ပြီးခဲ့တဲ့ မတ် ၈ ရက်စပိတ်တယ် ၊ အဲ့ဒါကြောင့် အတက်ကား ကုန်တင်ယာဥ်တချို့ လမ်းမှာ ပိတ်မိနေတာ ၂ လ ပြည့်တော့မယ် ” လို့ ပြောပါတယ်။
ပူတာအိုမြို့ခံတယောက်က
” ပူတာအိုနယ်မှာ ကုန်စည်ဝင်ရောက်မှုမရှိတာ ၂ လပြည့်တော့မယ် ၊ ပူတာအိုမြို့နယ်မှာ ကုန်စည်ပြတ်လပ်မှုတွေ နေရာ တော်တော်များများ ဖြစ်နေတယ် ၊ အခြေခံစားသောက်ကုန်စျေးနူန်းတွေက ဆန်ညံ့တအိတ်ကို နှစ်သိန်းကျော် ၊ ကြက်ဥ တလုံး တထောင် ၊ ဒေသထွက် မုံ့ညှင်းဆီ ( စားသုံးဆီ) တပိသာ နှစ်သောင်းဝန်းကျင်ရှိတယ် ၊ ဆောက်လုပ်ရေးသုံး သံပင်သံပန်းတွေက အရင်းစျေးထက် တတန်ကို နှစ်သိန်းခွဲဝန်းကျင်လောက် စျေးခုန်တက်သွားတယ် ၊ ဘိလပ်မြေအိတ်က တအိတ်ကို ရှစ်သောင်းအထက်မှာ ရှိတယ် ၊ ဒါပေမယ့် ပစ္စည်းကမရှိဘူး ၊ စက်သုံးဆီစျေးတွေက ဓာတ်ဆီ တလီတာကို တသောင်းခွဲလောက်ရှိတယ် ၊ ဟင်းခတ်ဆားဆိုရင် တပိသာ ငါးထောင်ကျော်တယ် ” လို့ ပြောပါတယ်။
ပူတာအိုမြို့ခံ ကားလုပ်ငန်းရှင်တယောက်က
” ပူတာအိုနယ်မှာ တိုင်းကျော် ၊ ဇေယျာမင်း ၊ Petro 7 ၊ BTK ၊ တိုင်တည်တန့် နဲ့ အခြား စက်သုံးဆီပန့်ဆိုင်ကြီးတွေ လေးငါးခုလောက်ရှိတယ် ၊ အဲ့ဒီထဲက တိုင်းကျော်နဲ့ ဇေယျာမင်း ဆီဆိုင်တွေက အချိန်ပိုင်း (မနက်) နဲ့ အကန့်အသတ်ထားပြီး ရောင်းပေးတယ် ၊ ဆိုင်ကယ်တစီးကို တလီတာ လေထောင်ကျပ်နူန်းနဲ့ ငါးထောင်ဖိုးအထိ ရောင်းပေးတယ် ၊ ကား တစီးကို နှစ်သောင်းဖိုးအထိ ရောင်းပေးတယ် ၊ ဒါလည်း လက်ကျန်ဆီရှိသလောက် မျှတရောင်းပေးတာလို့ သိရတယ် ၊ နောက်ထပ် ဆီအသစ်ဝင်ရောက်တာ မရှိဘူး ၊ ၂ လနီးပါးရှိပြီ ” လို့ ပြောပါတယ်။
ပူတာအိုနယ်မှာ ဆိုင်ကယ်နဲ့ နယ်လှည့်စျေးသည်တယောက်က
” ပန့်ဆိုင်တွေက နေ့စဥ် ဆီစျေးကွက် စျေးနူန်းအရ ရောင်းချပေးတယ် ၊ အလုံအလောက် ရောင်းချမပေးဘူး ။ အဲ့ဒါကြောင့် စက်ဆီလိုအပ်ချက်ကို ပြင်ပအရောင်းဆိုင်တွေက ဝယ်ယူရတယ် ၊ ပန့်ဆိုင်က ဓာတ်ဆီ တလီတာကို လေးထောင် ၊ ပြင်ပဆိုင်မှာက တပုလင်း ငါးထောင်ပေးရတယ် ၊ လတ်တလော ပူတာအိုမြို့ပေါ်မှာ စက်သုံးဆီ လုံးလုံးကြီးပြတ်သွားတာတော့ မရှိသေးဘူး ၊ သုံးစွဲသူ ပမာဏနဲ့ ရောင်းချပေးမှု အရေအတွက် မကိုက်တာပဲရှိတယ် ၊ အဲ့ဒီတော့ စျေးကြီးပေးပြီး အပြင်ကနေ ဝယ်ယူသုံးစွဲလို့ အခုထိတော့ ရနေသေးတယ်” လို့ ပြောပါတယ်။
ကချင်ပြည်နယ် အစိုးရအဖွဲ့ ၊ လမ်းပန်းဝန်ကြီးဌာနနဲ့ နီးစပ်သူတယောက်က
” မြစ်ကြီးနား – ပူတာအိုလမ်းပိုင်း ဆွမ်မရာဘွန်နယ်မှာ ထိတွေ့တိုက်ပွဲတချို့ရှိတယ် ၊ အဲ့ဒီ ထိတွေ့မှုတွေကြောင့် ပြည်နယ်အစိုးရ လမ်းပန်းပိတ်ဆို့ တားမြစ်ထားတာမရှိဘူး ၊ ဒါပေမယ့် အဲ့ဒီ လမ်းပိုင်းကို ပိတ်ဆို့ခံရတာကြောင့် အမြန်ဆုံး နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ် ၊ ဒီရက်ပိုင်းအတွင်း လမ်းပိုင်းတွေ ကောင်းသွားမှာပါ ” လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာပြည် အထက်ပိုင်းမှာရှိတဲ့ စစ်ကိုင်းတိုင်း ၊ ကောလင်း ၊ ပင်လည်ဘူး ၊ ဟုမ္မလင်း ၊ ခန္တီး ၊ ဗန်းမောက် စတဲ့ နယ်ဘက်တွေနဲ့ ကချင်ပြည်နယ်ထဲက ပူတာအို ၊ တနိုင်း ၊ ဖားကန့် စတဲ့နယ်ဘက်တွေမှာလည်း စက်သုံးဆီ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ပိတ်ပင်တားမြစ်ခံရပြီး အဲ့ဒီ ဒေသခံတွေဟာ စက်သုံးဆီတွေကို စျေးနူန်းကြီးပေးဝယ်ယူသုံးစွဲနေရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ၊ မြစ်ကြီးနား – ပူတာအို လမ်းပိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW