မေ ၅ – ၂၀၂၄
SN (VOM)
မြန်မာမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူ သုံးသန်းကျော်အထိ ရှိလာပြီဖြစ်တယ်ဆိုတဲ့ ကုလသမဂ္ဂမြန်မာရုံးရဲ့ မနေ့ မေ ၄ ရက်၊ မနက်အစောပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ မြန်မာနိုင်ငံမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခက်အခဲ အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရပြီး ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာရတဲ့ အရပ်သားအရေအတွက် စံချိန်တင် မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို စံချိန်တင် မြင့်တက်ခဲ့တာကြောင့် လက်ရှိ ထုတ်ပြန်ထားတဲ့ လူဦးရေ သုံးသန်းကျော်ဟာ ခြောက်လအတွင်း ၅၀ ရာခိုင်နှုန်း တဟုန်ထိုး ခုန်တက်သွားတာလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးက အဲဒီထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
ဒါနဲ့ ပတ်သက်လို့ ကရင်နီဒေသရဲ့ စစ်ရှောင်အရေး ဆောင်ရွက်သူတယောက်က “သူတို့ ထုတ်ပြန်ထားတဲ့ အရေအတွက်က မြေပြင်မှာ တကယ် ရှိနိုင်ပါတယ်။ ဘာလို့လဲဆို စစ်ရှောင်တွေက တရက်ထက်တရက် ပိုပိုများများလာတာကြောင့်ပါ။ ကျွန်တော်တို့ ကူညီပေးနေတဲ့ နေရာမှာဆို စစ်ရှောင်ဦးရေက သုံးသောင်းဝန်းကျင်လောက် ရှိတယ်” လို့ ပြောပါတယ်။
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာတော့ လက်ရှိ နေရပ်စွန့်ခွာထွက်ပြေးနေရသူ သုံးသန်းထဲက ၂ ဒသမ ၇ သန်းကျော်ဟာ တိုက်ပွဲပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး သုံးပုံတပုံကတော့ ပညာဆက်လက် မသင်ကြားနိုင်တဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူပေါင်း ၁၈ ဒသမ ၆ သန်းလောက်ဟာလည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်ရှိနေပြီး ဒီ အိုးအိမ်မဲ့ လူ သုံးသန်းဟာ အသက်ရှင်ရပ်တည်ဖို့ ရုန်းကန်နေကြရတယ်လို့ ဆိုပါတယ်။
ဒါဟာ မနှစ်ကထက် လူ တသန်းကျော် ပိုများလာတာ ဖြစ်ပြီး အကူအညီ လိုအပ်နေသူထဲမှာ ကလေး စုစုပေါင်း ခြောက်သန်းဝန်းကျင် ပါဝင်နေတယ်လို့ ကုလသမဂ္ဂရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
“စစ်ရှောင် ကလေးငယ်တွေအတွက်ကတော့ လိုအပ်ချက်တွေ ပိုများတာပေါ့။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုလည်း မရှိတဲ့အခါကျတော့ သူတို့ရဲ့ ငယ်ဘဝဆိုတာ တိုက်ပွဲတွေကြားထဲ ပြေးရင်းလွှားရင်းနဲ့ပဲ အချိန်ကုန်နေရသလို ဖြစ်နေတယ်။ ဒီအတွက်ကို ကျွန်တော်တို့ ကူညီပေးနိုင်ဖို့အတွက်ကလည်း လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်။ လမ်းပန်းဆက်သွယ်ရေး၊ အတားအဆီးတွေကလည်း ရှိနေတော့ ထိထိရောက်ရောက် ဘာမှ မလုပ်နိုင်ဘူး။ သူတို့တွေအတွက် ပညာရေး၊ ခန္ဓာကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးတွေ ကုစားပေးနိုင်ဖို့ အကူအညီတွေ အများကြီးလိုတယ်” လို့ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက စတင်ပြီး ပဋိပက္ခတွေ အရှိန်မြင့်တက်လာတာကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာရသူဦးရေ အလျင်အမြန်နဲ့ များပြားလာခဲ့တာဖြစ်ပြီး အရပ်သားတွေ အဓိက ပေးဆပ်ခဲ့ရကာ အများစုက ဘေးကင်းရာကို ထွက်ပြေးဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိခဲ့ဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ရွှေ့ပြောင်းနေထိုင်ရသူဦးရေဟာ မြန်မာနိုင်ငံ (အနောက်မြောက်ပိုင်းနဲ့ အလယ်ပိုင်း) က ချင်းပြည်နယ်၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ ၁ ဒသမ ၅ သန်းနီးပါးရှိကာ ကယား၊ ပဲခူး၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း (အရှေ့တောင်ပိုင်း) မှာ လူဦးရေ ကိုးသိန်းကျော်ရှိတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာလည်း လူဦးရေ သုံးသိန်းငါးသောင်း ခြောက်ထောင်ဝန်းကျင် အိုးမဲ့အိမ်မဲ့ ဖြစ်နေပြီး အဲဒီ ဒေသတွေနဲ့ တခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် (IDPs) တွေဆီ အကူအညီတွေ ရောက်နိုင်ရေး အရေးကြီးတယ်လို့လည်း ကုလသမဂ္ဂက သတိပေးပါတယ်။
အခု ၂၀၂၄ ခုနှစ်ထဲမှာ နေရပ်စွန့်ခွာသူ ငါးသိန်းနီးပါး အပါအဝင် လူပေါင်း ကိုးသိန်းခွဲဆီ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးအပ်နိုင်ခဲ့ပေမယ့် ဒါဟာ မလုံလောက်သေးဘူးလို့လည်း ကုလသမဂ္ဂက ပြောပါတယ်။
တဖက်မှာလည်း ရန်ပုံငွေ မလုံမလောက် ဖြစ်နေပြီး ၂၀၂၄ ခုနှစ်ရဲ့ လေးပုံ သုံးပုံကို ဝင်နေပြီဖြစ်ပေမယ့် စုစုပေါင်း ရန်ပုံငွေ လိုအပ်ချက်တွေရဲ့ ၅ ရာခိုင်နှုန်းအောက်သာ ရရှိနေကာ ဆိုင်ကလုန်းမုန်တိုင်းတွေ ကျရောက်လေ့ရှိတဲ့ လာမယ့် မိုးရာသီမတိုင်မီ ထိခိုက်လွယ်တဲ့ အိုးအိမ်စွန့်ခွာသူတွေရဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့ နောက်ထပ် ရန်ပုံငွေ အရင်းအမြစ်တွေ လိုအပ်နေသေးတယ်လို့လည်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး