ဒီရက်ပိုင်းအတွင်း မြန်မာပြည်အထက်ပိုင်းမှာ သဘာဝဘေးအန္တရာယ်ကြောင့် လူ ငါးဦးနဲ့ နွား ၂၄ ကောင် သေဆုံး

မေ ၊ ၅ ၊ ၂၀၂၄
SP (VOM)
မြန်မာပြည် အထက်ပိုင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ဒီရက်ပိုင်းအတွင်း မိုးသက်လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်ပြီး ၊ မိုးကြိုးထိမှန်တာတွေကြောင့် လူတချို့ သေဆုံးကာ တိရစ္ဆာန်အများအပြားလည်း သေဆုံးရတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” လတ်တလော ဆက်သွယ်လာတဲ့ စာရင်းအရတော့ စစ်ကိုင်းတိုင်းမှာ လူ ငါးယောက်ထက်မနည်း သေဆုံးပြီး ၊ ကချင်ပြည်နယ်မှာ တိရစ္ဆာန် (နွားအကောင် ၂၀ ကျော်) သေဆုံးတယ်” လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီစောင့်ရှောက်ပေးရေး တာဝန်ရှိသူတယောက်က ပြောပါတယ်။
မနေ့ မတ် ၄ ရက် ညနေ ၅ နာရီဝန်းကျင်က မကွေးတိုင်း ၊ မြိုင်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ကြားက ယာယီတိုက်ပွဲရှောင်နေသူ သားအဖ နှစ်ယောက် မိုးကြိုးထိမှန် သေဆုံးတဲ့အပြင် ၊ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘုတလင်မြို့နယ် ၊ ကံသစ်အနောက်တောရွာနဲ့ အုပ်အိုင်ရွာမှာ မိုးကြိုးထိမှန်လို့ အမျိုးသား နှစ်ယောက် သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ မိုးကောင်းမြို့နယ် ၊ ဆားမှော်ကျေးရွာရဲ့ တောင်ဘက် ၊ ဒေသအခေါ်ဆူးနိမ်ကွင်းမှာရှိတဲ့ နွားစားကျက်ကို ပြီးခဲ့တဲ့ မေ ၂ ရက်က မိုးကြိုးပစ်ခတ်တာကြောင့် နွားအကောင်ရေ နှစ်ဆယ်ကျော် ထိခိုက်သေဆုံးခဲ့တဲ့တယ်လို့ မိုးညှင်းခရိုင်ရဲ့ ထူးခြားဖြစ်စဥ် သတင်းတွေအရ သိရပါတယ်။
” ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးကြိုးထိမှန်လို့ နွား ၂၄ ကောင် အုပ်လိုက်သေတယ် ၊ မိုးကောင်းမြို့နယ်မှာ နှစ်စဥ် နှစ်တိုင်းလိုလို မိုးကြိုးထိမှန်လို့ အိမ်မွေးတိရစ္ဆာန် ကျွဲ ၊ နွားတွေအပြင် လယ်သမားတချို့ ထိခိုက်သေဆုံးတာတွေရှိတယ် ၊ ပြီးခဲ့တဲ့ ၂၀၂၂ ဇွန် ၈ ရက်ကလည်း မိုးကောင်းမြို့နယ် နဲ့ နမ္မတီးမြို့နယ် အကြား ဒေသအခေါ် ကျော်ထောန့်လယ်ကွင်းမှာရှိတဲ့ နွားတင်းကုတ်တခု မိုးကြိုးထိမှန်တာကြောင့် နွား ၂၄ ကောင် သေဆုံးတယ် ” လို့ မိုးညှင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂ ရက်ညနေပိုင်းက တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် မုံရွာမြို့ ၊ ထန်းတော ဇီးခြံရပ်ကွက် ၁၉ လမ်းမှာနေထိုင်တဲ့ ကလေးတယောက် အိမ်မိုးသွပ်ပြား ထိမှန် သေဆုံးခဲ့ရပါသေးတယ်။
ဓာတ်ပုံ ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိုက်ခိုက်သေဆုံးမှုမြင်ကွင်း ၊ (ဒေသခံတဦး)

Related posts

Leave a Comment

VOM News

FREE
VIEW