တနင်္သာရီတိုင်းမှာ လူသတ်မှုတွေ အဖြစ်များလာ



မေ ၈ ၊ ၂၀၂၄
SP ( VOM)

တနင်္သာရီတိုင်းမှာ ဒီရက်ပိုင်းအတွင်း ရပ် / ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အသတ်ခံရမှု အဖြစ်များလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” လူသတ်မှုအဖြစ်များတာကတော့ မြိတ် ၊ ကော့သောင်း ၊ ကျွန်းစု ၊ ရေဖြူနဲ့ လောင်းလုံစတဲ့ မြို့နယ်ဘက်တွေမှာ ဖြစ်တယ် ၊ လတ်တလော လူသတ်မှုဖြစ်စဥ် နှစ်ဆယ်နီးပါးရှိတယ် ၊ အသတ်ခံရသူတွေဟာ ရပ် / ကျေး အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဖြစ်တယ် ” လို့ ေဒသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

မေ ၇ ရက် ၊ မနေ့က မနက်ပိုင်း ၉ နာရီဝန်းကျင်မှာ ကျွန်းစုမြို့နယ် ၊ မဲတောကျေးရွာအုပ်စု ၊ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ဆိုသူ ပစ်သတ်ခံရပြီး ၊ သူကိုင်ဆောင်ထားတဲ့ ပစ္စတိုသေနတ် တလက်နဲ့ ကျည်ဆံတွေ အပါအဝင် စိစစ်ရေးကဒ်ပြားတချို့ ကျွန်းစုမြို့နယ် PDF အဖွဲ့က သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်စဥ်ကို ကျွန်းစုမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းမှာ အခြေပြုတဲ့ ပရဟိတသမား တယောက်က
” ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက လောင်းလုံမြို့နယ် ၊ စစ်ပြဲကျေးရွာနားမှာ ပြည်သူ့စစ်နဲ့နီးစပ်သူ တယောက်အပါအဝင် လူလေးယောက် ပစ်သတ်ခံရတယ် ၊ ရေဖြူမြို့နယ်မှာတော့ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးအပါအဝင် အရပ်သား လေးဦးသတ်ဖြတ်ခံရပါတယ် ၊ အသတ်ခံရသူတွေက သဲချောင်းရွာဘက်ကဖြစ်နိုင်တယ် ၊ ပစ်သတ်ခံရလို့ သေဆုံးသူတွေ ပါဝင်သလို ရိုက်သတ်ခံရတဲ့ သူတွေလည်းပါတယ်၊ ဒါ့အပြင် ဇာဒီရွာက ကိုကျော်စွာဆိုသူလည်း ချောင်းမြှောင်းပစ်သတ်ခံရတယ်၊ အဲ့ဒီနောက် ဇာဒီရွာက သားအဖနှစ်ယောက် အခုထိ ဆက်သွယ်မရ ပျောက်ဆုံးနေတယ် ၊ အဲ့ဒီအပြင် ကော့သောင်းမြို့နယ် ၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ အောင်မြန်မာရွာက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဒီပါဆိုသူကို ကော့သောင်း(ပကဖ)က ပစ်သတ်ခဲ့တယ် ၊ မြိတ်မြို့နယ် ၊ သကန်ကျေးရွာဘက်မှာ အမည်မသိ (စုံစမ်းဆဲ) အဘိုးကြီးတယောက် လည်လှီးသတ်ခံရတယ် ၊ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ မတ်လတုန်းက CDM ပြုလုပ်ထားတဲ့ ရဲတပ်သားတစ်ဦး အပါအဝင် အရပ်သား ၁၄ ယောက် ၊ စုစုပေါင်း လူ ၁၅ ယောက် အသတ်ခံရတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်း အစိုးရအဖွဲ့ထံ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။

Related posts

Leave a Comment

VOM News

FREE
VIEW