တိုက်ပွဲကြောင့် ယာယီပိတ်ထားတဲ့ ရန်ကုန်-ထားဝယ်-မြိတ် လမ်းပိုင်း ပြန်ဖွင့်

မေ ၉ – ၂၀၂၄
SN (VOM)
တနင်္သာရီတိုင်းအတွင်း တိုက်ပွဲကြောင့် လေးရက်ကြာ ယာယီပိတ်ထားရတဲ့ ရန်ကုန် -ထားဝယ်-မြိတ် လမ်းပိုင်းကို ဒီကနေ့ မေ ၉ ရက်၊ မနက်ပိုင်းက ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်တယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။
ရန်ကုန်-မြိတ်-ထားဝယ် လမ်းပိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာအနီးမှာ ပြီးခဲ့တဲ့ မေ ၅ ရက်ကစပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ကားလမ်းသွားလာခွင့် ယာယီ ပိတ်ထားခဲ့တာဖြစ်ပြီး ငါးရက်မြောက်နေမှာတော့ ကားလမ်းပြန်ပွင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“မြိတ်-ထားဝယ် လမ်းပိုင်းကတော့ ဒီမနက် ပြန်ဖွင့်ပေးတယ်။ ဒါပေမယ့် ကားတွေကများတော့ လမ်းပိတ်ဆို့မှုတွေတော့ ရှိတာပေါ့။ သတိအနေအထားနဲ့ လမ်းပိုင်းအခြေအနေ ဂရုစိုက်ပြီး နေရာကထွက်ရတယ်။ မြိတ်-ဘုတ်ပြင်း၊ မြိတ်-ကော့သောင်း လမ်းပိုင်းကတော့ ပိတ်ထားတုန်းပဲ” လို့ ကုန်တင်ယာဉ်မောင်းတယောက်က ပြောပါတယ်။
လက်ရှိအချိန်အထိ ဆက်လက် ပိတ်ထားဆဲ ဖြစ်တဲ့ မြိတ်-ဘုတ်ပြင်း၊ မြိတ်-ကော့သောင်း လမ်းပိုင်းက ကော့သောင်းကိုသွားရောက်လိုတဲ့ ခရီးသည်တွေနဲ့ ဒေသခံတွေဟာ မြိတ်ကနေတဆင့် စက်လှေစီးပြီး ဘုတ်ပြင်းကို သွားရောက်ကာ အဲဒီကနေမှ ကော့သောင်းကို ကားနဲ့သွားနေကြတယ်လို့ သိရပါတယ်။
ဒါအပြင် မြိတ်-တနင်္သာရီနဲ့ မြိတ်-ပုလောကို သွားရောက်မယ့်သူတွေအနေနဲ့လည်း မောတောင်လမ်းဘက်ကနေ သွားနေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့ကစပြီး ဘုတ်ပြင်းနဲ့ တနင်္သာရီနယ်စပ်ရှိ နစကရဲ့ ၁၀၂၀ ပွိုင့်ကုန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာမှာ ဒီကနေ့ မေ ၈ ရက်အထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲကြောင့် အနီးဝန်းကျင်က ဒေသခံတွေလည်း ထွက်ပြေးနေရပြီး လမ်းခရီးမှာ ပိတ်မိနေတဲ့ ခရီးသည်တွေမှာလည်း နေထိုင်စားသောက်ရေးအပြင် သောက်သုံးရေနဲ့ ချိုးရေ အပါအဝင် အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
Photi:CJ

Related posts

Leave a Comment

VOM News

FREE
VIEW