ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ မလေးရှားဝန်ကြီးချုပ်တို့ ဖူးခက်မှာတွေ့ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့



ဘန်ကောက်၊ မေ-၉-၂၀၂၄
မျိုးဆက်(VOM)

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှာနာဝပ်ထရာဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖူးခက်ခရီးစဉ်အတွင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီလိုဆွေးနွေးရာမှာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေအပြင် ထိုင်းတောင်ပိုင်းမှာ ထကြွနေတဲ့ သူပုန်တွေအရေးလည်း ပါဝင်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေကဆိုပါတယ်။

အာဏာရဖြူထိုင်းပါတီရဲ့ တရားဝင်မဟုတ်တဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရတဲ့ သက်ဆင်ဟာ မေ ၂၉ ရက်မှာ ဖူးခက်ကို ရောက်ရှိခဲ့ပြီး မေ ၂ ရက်မှာ ပြန်လည်ထွက်ခွာခဲ့ပြီး သီးသန့်အပန်းဖြေခရီးဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် သူ့ရဲ့အမှန်တကယ်ရည်ရွယ်ချက်အပေါ် မေးခွန်းထုတ်မှုတွေရှိနေပါတယ်။

သက်ဆင်နဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါတို့ဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေအကြောင်း ဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေး ဖြေရှင်းရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပိုမိုပါဝင်ဖို့ သက်ဆင်ကို မလေးရှားဝန်ကြီးချုပ်က ထပ်မံတိုက်တွန်းခဲ့ပါတယ်။

သက်ဆင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်ကလည်း မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ကိုယ်စားလှယ်တွေနဲ့ ချင်မိုင်းမှာတွေ့ခဲ့တာကြောင့် သူဟာ မလေးရှားဝန်ကြီးချုပ်နဲ့လည်း မြန်မာ့အရေး တွေ့ဆုံတာဖြစ်တယ်လို့ ထင်ကြေးပေးမှုတွေလည်း ထွက်ပေါ်နေပါတယ်။

ဒီလိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ သက်ဆင်တွေ့ဆုံမှုဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးသာဖြစ်ပြီး ထိုင်းအစိုးရရဲ့ မူဝါဒမဟုတ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ငြင်းဆိုထားပါတယ်။

မလေးရှားဝန်ကြီးချုပ်နဲ့ သက်ဆင်တွေ့ဆုံမှုအတွင်း ထိုင်းအစိုးရနဲ့ နိုင်ငံတောင်ပိုင်း သူပုန်အဖွဲ့တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် ကြားဝင်စေ့စပ်သူလုပ်ပေးဖို့ အန်ဝါက ပြောကြားခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။

Ref:Bangkok Post
Photo: Photo: Patong Entertainment Association

Related posts

Leave a Comment

VOM News

FREE
VIEW