ဘရာဇီးရေဘေး သေဆုံးသူ ၁၀၀ ကျော်ရှိလာပြီး ၁၂၈ ယောက် ပျောက်ဆုံးနေ

ဘရာဆီးလီးယား၊ မေ-၉-၂၀၂၄
မျိုးဆက်(VOM)
ဘရာဇီးနိုင်ငံတောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၀၀ ကျော်ထိ မြင့်တက်လာကြောင်း အာဏာပိုင်တွေက အတည်ပြုထုတ်ပြ်ပါတယ်။
လက်ရှိချိန်ထိ လူ ၁၀၀ ကျော်သေဆုံးပြီး ၁၂၈ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်ထားပြီး ရေဘေးသင့် ဒေသအချို့မှာ လုယက်မှုများကြောင့် လုံခြုံရေးစိုးရိမ်ပူပန်မှုတွေရှိနေကြောင်း ဒေသခံတွေကပြောပါတယ်။
ရေဘေးကြောင့် လူပေါင်း တသိန်းခြောက်သောင်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပြီး လျှပ်စစ်နဲ့ ရေပြတ်လပ်သူ ဒေသခံ ၁ ဒသမ ၄၅ သန်းရှိတယ်လို့ ဒေသန္တရ တာဝန်ရှိသူတွေကပြောပါတယ်။
ရီယိုဂရန်ဒီဒိုဆူလ်ပြည်နယ်ဟာ ဘရာဇီးနိုင်ငံရဲ့ ဆန်ရေစပါး ၇၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေတဲ့ ပြည်နယ်တခုဖြစ်ပါတယ်။ ဘရာဇီးသမ္မတ လူလာကတော့ လိုအပ်ရင် ဆန်နဲ့ အခြားပစ္စည်းတွေကို တင်သွင်းမယ်လို့ ပြောဆိုထားပါတယ်။
ဧပြီနှောင်းပိုင်းမှာ စတင်ခဲ့တဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရီယိုဂရန်ဒီဒိုဆူလ် ပြည်နယ်တဝန်းမှာ ရေကြီးရေလျှံမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပြီး ပြည်နယ်မြို့တော် ပေါ်တိုအလီဂရီရှိ နိုင်ငံတကာလေဆိပ်နဲ့ အားကစားကွင်းတွေပါ ရေကြီးရေလျှံဖြစ်ပြီး ပိတ်ခဲ့ရပါတယ်။
Ref:NHK
Photo:AP/Reuters

Related posts

Leave a Comment

VOM News

FREE
VIEW