မအူပင်မြို့နယ်မှာ အအေးခေါင်းသယ်ယူလာတဲ့ နာရေးအသင်း ကားတစီး တိမ်းမှောက် သုံးယောက်သေဆုံး

မေ ၊ ၉ ၊ ၂၀၂၄
TT (VOM)
ဧရာဝတီတိုင်း ၊ မအူပင်ခရိုင် ၊ မအူပင်မြို့ရဲ့ အရှေ့ဘက်ကမ်း တပင်ရွှေထီနားမှာ ဒီကနေ့ ညနေပိုင်းက အအေးခေါင်းသယ်ယူလာတဲ့ နာရေးကူညီမှု ကားတစီး တိမ်မှောက်ခဲ့တာကြောင့် အဲ့ဒီယာဥ်ပေါ်မှာ လိုက်ပါလာတဲ့ ပရဟိတသမား သုံးယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ညောင်ဝိုင်းရွာ နာရေးကူညီမှု အဖွဲ့အတွက် အအေးခေါင်းကို ရန်ကုန်ကနေ ကျောင်းရွာကို သယ်ယူလာပေးတယ် ၊ သယ်ယူလာတဲ့ကားက 77 စတိုးက လိုက်ထရပ်ကားလို့ ကနဦး သိရတယ် ၊ အဲ့ဒီကားက ဘီးပေါက်ပြီး လမ်းဘေးမြှောင်းထဲထိုးကျ တိမ်းမှောက်သွားတယ် ၊ အဲ့ဒီကားပေါ်မှာ လိုက်ပါလာတဲ့ ပရဟိတသမား သုံးယောက်သေဆုံးတယ် ၊ သေဆုံးသူတွေကတော့ ညောင်ဝိုင်းပရဟိတက ဦးထွန်းထွန်းနဲ့ ဦးဌေးလွင်ဖြစ်တယ် ၊ နောက်တယောက်က အမှတ် ၁၂ ရပ်ကွက်က ဦးကျော် (အများအခေါ်) ဖြစ်တယ် ” လို့ ပြောပါတယ်။
အဲ့ဒီ နာရေးကူညီမှုကားတိမ်းမှောက်ခဲ့တဲ့ နေရာကို မအူပင်မြို့မှာရှိတဲ့ လူမှုကူညီရေး အဖွဲ့တွေနဲ့ မီးသတ်ကယ်ဆယ်ရေး အဖွဲ့တွေ သွားရောက်ကယ်ဆယ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ရဲ့ တနှစ်တာအတွင်း နိုင်ငံအဝှမ်း ယာဉ်တိုက်မှုပေါင်း (၄၂၅)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံး သူပေါင်း (၂၃၀)ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူပေါင်း (၅၆၄)ဦး ရှိခဲ့တယ်လို့ ယာဥ်မှုစစ်အဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW