တောင်ကုတ်မြို့ အဝင်အထွက် ပိတ်ထားတာ လေးရက်ထိ ကြာမြင့်လာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးပြတ်လပ်မှာကို စိုးရိမ်နေကြ

 

ဇွန် ၁၉ – ၂၀၂၄
GG (VOM)

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မြို့ကို အဝင်အထွက် ပိတ်ထားတဲ့အတွက် မြို့ခံတွေ ဝင်ထွက်မရဖြစ်နေတယ်လို့သိရပါတယ်။

မြို့အဝင်အထွက်ကို တောင်ကုတ်မြို့နယ်မှာတိုက်ပွဲစတင်ဖြစ်ပွားပြီးနောက်ဇွန်လ ၁၆ ရက်နေ့ကစလို့ ပိတ်လိုက်တာဖြစ်ပြီး ဆိုင်ကယ်၊ လူ၊ကားအပြင် အရေးပေါ်လူနာတင်ယာဥ်တွေပါ ဖြတ်သန်းသွားလာခွင့်မပြုတော့တဲ့အခြေအနေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ကုတ်မြို့အဝင်အထွက်လမ်းကြောင်းကို ပိတ်ထားတာဟာ ခုဆိုရင် လေးရက်ရှိပြီဖြစ်လို့ ကုန်စည်စီးဆင်းမှုလည်းရပ်နေကြောင်း အကယ်၍သာ လမ်းကြောင်းပိတ်ဆို့မှုသာကြာမြင့်လာမယ်ဆိုရင် မြို့ခံလူထုအတွက် ဆေးဝါးပြတ်လတ်မှုပိုမိုးဆိုးရွားလာနိုင်တဲ့အပြင် စားနပ်ရိက္ခာလိုအပ်ချက်လည်းရှိလာနိုင်တယ်လို့သိရပါတယ်။

” အခုလမ်းတွေအကုန်ပိတ်ချလိုက်တော့ လူဆိုင်ကယ်ရော အရေးပေါ်ကားဘာတခုမှကို ဖြတ်လို့မရဘူး၊အခုလောလောဆယ်ကတော့ မြို့ကနေဘယ်သူမှထွက်မရဘူး၊အခုက မြို့တွင်းကလူလည်းအပြင်မထွက်နဲ့ အပြင်ကလူလည်း အတွင်းမဝင်နဲ့ဆိုတဲ့သဘောပါ၊အခုကတင်းတင်းကြပ်ကြပ်ကိုလုပ်နေတာ၊ မြို့ပေါ်လူထုကတော့တယောက်တမျိုးစီပေါ့ ရွာတွေထက်မြို့ကလုံခြုံတယ်ပေါ့၊တချို့ကလည်း စစ်ရှောင်မယ်ဆိုဘယ်ကလုံခြုံမလဲပေါ့ဆိုပြီး ခုထိတော့ကိုယ့်အိမ်ကိုယ် နေနေကြတုန်းပဲ၊အခုကတော့ရေကြောင်းကလည်းတရားဝင်သွားရဖို့ကတော့မလွယ်ဘူး ” လို့ တောင်ကုတ်မြို့ခံတယောက်ကပြောပါတယ်။

တောင်ကုတ်မြို့အဝင်အထွက်ကို ပိတ်လိုက်တဲ့အတွက် လတ်တလောမှာဒုက္ခရောက်နေသူတွေက ပြင်ပထွက်ပြီးဆေးကုသမှုခံယူဖို့လိုအပ်တဲ့အရေးပေါ်လူနာတွေ ဖြစ်ကြောင်း၊ မြို့တွင်းပြည်သူ့ဆေးရုံမှာလည်းဆရာဝန်အချို့နဲ့ သူနာပြုအနည်းငယ်အပါအဝင် ဒေသခံလူတွေက စေတနာ့ဝန်ထမ်း အဖြစ်ပူးပေါင်းကုသမှုပေးနေပေမယ့် ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့သိရပါတယ်။

“မြို့ပြင်ထွက်ဖို့အရေးပေါ်အကူညီတောင်းတာရှိတယ်၊ဥပမာကင်ဆာဆေးသွင်းဖို့ ရက်ချိန်းပြည့်နေပြီ၊နောက်ပြီးအတွင်းကလီစာထိခိုက်ထားသူတွေရက်ချိန်းပေးထားသူအရေးပေါ်လူနာတွေရှိတယ်၊အရင်ဆိုစီမံနဲ့ဂိတ်ကိုဖြတ်လို့ရသေးတယ်၊အခုကျမရတော့ဘူး၊စီမံကမရတော့ ဘယ်လိုမှမထွက်နိုင်တော့ဘူး၊မြို့တွင်းဆေးရုံတွေကလည်းအခု ဆရာဝန်နဲ့သူနာပြုအချို့နဲ့ရသလောက်တော့ကုသမှုပေးနေတယ်၊လူငယ်တွေကတော့အကူအနေနဲ့ဘော်လန်တီယာလုပ်ပေးနေကြတယ်။တောင်ကုတ်ဆေးရုံမှာတော့ ဆေးဝါးတွေတော်တော်များများပြတ်လတ်နေတယ်၊အပြင်ဆေးခန်းတွေမှာပါဆေးဝါးပြတ်လတ်မှုတွေရှိတယ်၊နောက် ကျနော်တို့စိုးရိမ်တာက မြို့တွင်းရိက္ခာအနေနဲ့ရပ်တည်နိုင်မယ့်အခြေအနေကအလွန်ဆုံးတလပေါ့ ” လို့ တောင်ကုတ်မြို့ခံလူမှုကူညီရေးလုပ်ကိုင်နေသူတယောက်ကပြောပါတယ်။

တောင်ကုတ်မြို့နယ်မှာတော့ ဇွန်လ ၁၅ ရက်နေ့ညပိုင်းကစပြီး AA နဲ့ နစကလုံခြုံရေးတပ်တွေအကြားတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ နစကဘက်ကလည်း လက်နက်ကြီးလက်နက်ငယ်အပြင် လေကြောင်းပစ်ခတ်မှုရှိသလို AA ဘက်ကလည်း လက်နက်ကြီးလက်နက်ငယ်တွေပစ်ခတ်မှုရှိတယ် ခဲ့လို့သိရပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားတဲ့နေ့ကနေ လက်ရှိဇွန်လ ၁၉ ရက်အထိကို လက်နက်ကြီးကျရောက်မှုကြောင့် အရပ်သားဒေသခံ ေလး ယောက်သေဆုံးခဲ့ရပြီး ငါးယောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ရသလို နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုတွေရှိထားတယ်လို့သိရပါတယ်။

တောင်ကုတ်မြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားတဲ့ကျေးရွာဘက်တွေက ဒေသခံတွေကတော့ နေရပ်စွန့်ခွာပြီး စစ်ရှောင်သူအများအပြားရှိနေတယ်လို့သိရပါတယ်။
Photo:CJ

#Voiceofmyanmar #VOM #တောင်ကုတ ်#တိုက်ပွဲ #မြို့အဝင်အထွက်ပိတ် #မြို့ခံလူထုအဆင်မပြေ

Related posts

Leave a Comment

VOM News

FREE
VIEW