ရေနစ်မြုပ်ပျက်စီးတဲ့ စပါးခင်းတွေကို မြေဩဇာ၊စိုက်ပျိုးရေးဆေးနဲ့မျိုးစပါးကူညီမယ်ဆိုသော်ငြား ရေမကျပါကဘာမှမလုပ်နိုင်

 

ဇူလိုင် ၂၇ – ၂၀၂၄
GG (VOM)

ရေနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်ဆီးခဲ့ရတဲ့ မိုးစပါးစိုက်ခင်း​ေတွကို စာရင်းကောက်ယူပြီး လိုအပ်တဲ့ မျိုးစပါး ၊ မြေဩဇာနဲ့ စိုက်ပျိုးရေးဆေးတွေ ပံ့ပိုးပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF က အသိပေးလာပါတယ်။

ဒါပေမယ့်လည်း ရေမကျသေးပါက ကူညီထောက်ပံ့မှုတွေဘာမှလုပ်လို့မရဘဲ ရေကျမှသာ ပျက်စီးထိခိုက်မှုရှိတဲ့ စိုက်ခင်းတွေကို လိုအပ်တဲ့အကူညီထောက်ပံ့တွေပေးနိုင်မှာဖြစ်တယ်လို့ MRF တာဝန်ရှိသူကဆိုပါတယ်။

” ရေမကျသေးရင် ဘာမှ လုပ်လို့ မရသေးပါဘူး။ပျက်ဆီးထိခိုက်မှု ရှိတဲ့နေရာမှာတော့ သက်တမ်းတို မျိုးတွေ နဲ့ ပြန်စိုက်လို့ ရရင် စိုက်ဖို့ လုပ်ရမှာပါ။ စပါးခင်းရေမြုပ်တာ ၄-၅-၆ ရက်လောက် ရေမြုပ်ပြီး ရေပြန်ကျတဲ့ နေရာမှာတော့ သဘာဝမြေဩဇာ၊ ဓါတ်မြေဩဇာ၊ ဆေးတွေ နဲ့ အထွက်မလျော့အောင် ကူညီရမှာပါ။ ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ မိုးရွာသွန်းခြင်း၊မြစ်ရေတက်ခြင်း၊တောင်ကျရေနဲ့ချောင်းရေတက်မှုတွေကြောင့် ဧရာဝတီတိုင်း ၊စစ်ကိုင်းတိုင်း ၊ပဲခူးတိုင်း၊ မကွေးတိုင်း တွေက စပါး စိုက်ခင်းတွေ သိန်းနဲ့ချီပြီး ရေကြီးနစ်မြုပ်ခံနေရတာဖြစ်ပါတယ်။

အဆိုပါ ရေနစ်မြုပ်နေတဲ့စိုက်ခင်းတွေထဲမှာ ရက်ပေါင်း ၁၀ ရက်ကျော်လောက်အထိရေဝင်နစ်မြုပ်ခံနေရတဲ့ စပါးစိုက်ခင်းသောင်းနဲ့ချီရှိပြီး အဲဒီစပါးစိုက်ခင်းတွေကတော့ ပျက်စီးဖို့များတာကြောင့် ရေကျပါကအခင်းဖျက်ပြီး နောက်တကြိမ်ထပ်မံစိုက်ပျိုးရမှာဖြစ်တယ်လို့တောင်သူတွေကဆိုပါတယ်။

နောက်တကြိမ်ထပ်မံစိုက်ပျိုးမယ့်ကုန်ကျစရိတ်အနေနဲ့လယ်ထွန်ယက်ခ၊စပါးမျိုး၊လိုအပ်တဲ့မြေဩဇာကို ထောက်ပံ့ပေးဖို့လိုအပ်ကြောင်း၊ လာမယ့် ၁၀ ရက်အတွင်း ရေကျပြီး ထပ်မံစိုက်ပျိုးနိုင်ဖို့လည်းလိုအပ်တယ်လို့ဆိုပါတယ်။

” စပါးကတလသား၊တလခွဲသားတွေရေနစ်မြုပ်နေတာဆိုတော့ ၁၀ ရက်လောက်ဆိုပျက်စီးသွားပြီ။နူန်းတွေနဲ့ရေမြုပ်ချိန်ကြာတာနဲ့ပျက်စီးတယ်။ဒီတော့ရေကျရင် ပျက်စီးနေပြီမို့ အသစ်ထပ်စိုက်ရမှာ။အသစ်စိုက်ဖို့ကလည်း အချိန်အများကြီးမရတော့ဘူး။ရေမကျရင်ဘာမှလုပ်မရဘူး။ရေမကျရင် ခုမိုးစပါးမမီနိုင်တော့ဘူး။ပျက်စီးဆုံးရှုံးမှုများတာပေါ့။ တကယ်လို့မှီတယ်ဆိုရင်အသစ်ထပ်စိုက်ဖို့ စိုက်ပျိုးထွန်ယက်ခလိုမယ်။သက်တမ်းတိုစပါးမျိုးနဲ့မြေဩဇာပေါ့။” လို့ ပဲခူးတိုင်းကစပါးစိုက်တောင်သူကပြောပါတယ်။

လက်ရှိအထိတော့ ဒေသအများစုကစပါးစိုက်ခင်းတွေမှာ ရေတွေကျဆင်းခြင်းမရှိသေးသလို ဒေသခံတွေလည်းရေဘေးသင့်ဒဏ်ခံနေကြရပါတယ်။

MRF ကတော့လက်ရှိမှာ ရေနစ်မြုပ်ပြီးပျက်စီး လယ်စိုက်ခင်းဧကကို စာရင်းကောက်ယူနေဆဲအဆင့်သာရှိပြီး ပျက်စီးစပါးစိုက်ခင်းတောင်သူတွေအနေနဲ့ MRF ကိုတိုက်ရိုက်ဆက်သွယ်ကာစာရင်းပေးနိုင်သလို ဒေသကော်မတီတွေနဲ့ ညီနောင်အသင်းခွဲဆီ ဆက်သွယ်စာရင်းပေးနိုင်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကိုလည်းစာရင်းပေးနိုင်တယ်လို့ ဆိုပါတယ်။

စာရင်းကောက်ယူပြီးမှ အမှန်တကယ်ပျက်စီးတဲ့စပါးစိုက်ခင်းတွေကို စပါးမျိုး၊မြေဩဇာနဲ့စိုက်ပျိုးရေးဆေးတွေ ကူညီမှာဖြစ်တယ်လို့သိရပါတယ်။

MRFအနေနဲ့က စပါးခင်း ရေနစ်မြုပ်မှုကြောင်​့ မိုးစပါးအထွက်နှုန်း မကျဆင်းစေရေးအတွက် တောင်သူတွေကို ခုလို အကူအညီတွေပေးဖို့စီစဥ်တာဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ခုနှစ်မိုးရာသီ မိုးစပါးစိုက်ဧက ၁၃ သန်းလောက်သာရှိပြီး တိုက်ပွဲကြောင့် စပါးမစိုက်ပျိုးနိုင်တဲ့ဒေသတွေအများအပြားရှိနေပါတယ်။

#Voiceofmyanmar #vom #MRF #စပါးခင်းရေနစ်မြုပ် #မြေဩဇာ #စိုက်ပျိုးရေးဆေး #စပါးမျိုး #ထောက်ပ့ံမယ်

Related posts

Leave a Comment

VOM News

FREE
VIEW