ဩဂုတ် ၃၀၊ ၂၀၂၅
Shy V (VOM)
TNLA တပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ သီပေါနဲ့ ကျောက်မဲကို နလအ ဆီပြန်ပေး နိုင်ခြေရှိပေမယ့် ကူမင်း ဆေးနွေးပွဲပျက်ပြီး ရလဒ်မထွက်ကြောင်း သတင်းထွက်ပေါ် နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဆွေးနွေးပွဲ သတင်းက ကြားရတာတော့ မကောင်းဘူး။ သီပေါ၊ ကျောက်မဲ ပြန်ပေးမယ်ဆိုပြီး ကြားတယ်။ ဟုတ်မဟုတ်မသိဘူး။” လို့ PDF နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
လက်ရှိ အခြေအနေက နလအ ဘက်က အတော့်ကို အရေးသာနေတဲ့ အချိန် ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
“ဆွေးနွေးပွဲ ပျက်သွားတယ်။ နလအ ဘက်ကလည်း တိုက်ပဲ ယူတော့မယ် ကြားနေတာ။ တရုတ်ကိုယ်စားလှယ် လိုက်တားတာတောင်မှ နလအ ဘက်က ထ ပြန်သွားတယ်လို့ သိရတယ်။” လို့ ကျောက်မဲ ဒေသခံ တယောက်က ပြောပါတယ်။
နလအ ဘက်က ခြေ/ဥ အတိုင်းပဲ နမ့်ဆန်နဲ့ မန်တုံပဲ ပေးမယ်ဆိုလို့ ဆွေးနွေးပွဲမှာ အခြေအတင် ဖြစ်ပြီး ရတယ်၊ မဆွေးနွေးတော့ဘူး၊ မဖြစ်နိုင်တော့ဘူး ဆိုပြီး နလအ ကိုယ်စား လှယ်တွေက ထပြန်လာတာ လို့ သိရတယ်။ ကြားနေပေးတဲ့ တရုတ်ကိုယ်စားလှယ်တွေ တောင်တားလို့ မရပဲ နလအ ကိုယ်စားလှယ်တွေ ထ ပြန်သွားတယ်လို့ သိရတယ်လို့ သူက ပြောပါတယ်။
TNLA အနေနဲ့ သီပေါနဲ့ ကျောက်မဲ ပြန်ပေးမှာ မဟုတ်ေတာ့ပဲ နလအ နဲ့ TNLA တို့အကြား တော့ ဆွေးနွေးပွဲ နောက်တကြိမ် ရှိသေးတယ်လို့ သိရကြောင်း ရှမ်းမြောက် ဒေသခံ လူငယ် တယောက်က ပြောပါတယ်။
နလအ နဲ့ နီးစပ်သူ တယောက်ကတော့ နောက်ဆုံး ကြားသိရတဲ့ လျို့ဝှက်သတင်းက TNLA တပ်ဖွဲ့ဘက်က ကျောက်မဲ၊ မိုးကုတ်၊ သီပေါ၊ ကွတ်ခိုင် တွေကို ဆုတ်ခွာပေးမယ်လို့ ကမ်းလှမ်းထားပြီး ကျန်တဲ့ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်းမြို့တွေကို သီးခြား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပလောင်ပြည်နယ်အဖြစ် တောင်းဆိုကာ PSLF/TNLA တပ်ဖွဲ့ကို အကြမ်းဖက် စာရင်းကနေ ပယ်ဖျက်ပေးဖို့ တောင်းဆိုထားတယ်လို့ ကြားသိရတယ်လို့ ပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းက နလအ နဲ့ နီးစပ်တဲ့ အကြီးအကဲ တယောက်က နလအ စစ်တပ်အနေနဲ့ နယ်မြေခွဲဝေပေး ပိုင်ခွင့် မရှိကြောင်း၊ နယ်မြေလိုချင်ပါက အရပ်သား အစိုးရ တက်မှသာ တောင်းဆိုလို့ရေကြာင်း၊ ပလောင် လူမျိုးအများဆုံး နေထိုင်တဲ့ နမ့်ဆန်နဲ့ မန်တုံကို တရားဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားကြောင်း၊ ၂၀၀၈ အခြေခံ ဥပဒေအတိုင်းသာ သွားမှာဖြစ်ကြောင်း၊ ၂၀၀၈ အခြေခံ ဥပဒေက သတ်မှတ်ထားတဲ့ အတိုင်း မဆုတ်ခွာနိုင်ရင် တိုက်မှာ ဖြစ်ကြောင်း ပြောပါတယ်။
ဆွေးနွေးပွဲ ပျက်သွားကြောင်း သတင်း ကြားရတာကြောင့် တိုက်ပွဲက တော်တော် ပြင်းထန်မယ့် သဘော တွေ့ရလို့ ပြည်သူလူထုတွေကတော့ ဓားစာခံ ဖြစ်ရမှာကို စိုးရိမ်နေကြကြောင်း၊ ကျောက်မဲမြို့က သတိထားရမှာထက် အကုန်လုံး ရှောင်သင့်ပြီဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
TNLA ဘက်ကတော့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဘာမှ ထုတ်ပြန်ထားတာမျိုး မရှိပေမယ့် အခု ဩဂုတ်လ ၂၆ ရက်နေ့က ကူမင်းမှာ တဆွးနွေးပွဲ လုပ်ခဲ့ကြောင်း TNLA နဲ့ နီးစပ်သူတချို့ဆီက သိရကာ ဆွေးနွေးပွဲ အခြေအနေကြောင့် ကွတ်ခိုင်မြို့က စာသင်ကျောင်းတွေ အားလုံး ၅ ရက်ခန့် ပိတ်ထားခိုင်းတယ်လို့ ဆိုပါတယ်။
တရုတ်ဘက်ကတော့ သူတို့ရဲ့ အဓိက နယ်စပ် ကုန်သွယ်ရာ လမ်းကြောင်းဖြစ်တဲ့ မန္တေလး – မူဆယ် လမ်းပိုင်းကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင် အဖွဲ့ တွေကို ခွာပေးဖို့ အရင် ကတည်းက တိုက်တွန်းနေတာ ဖြစ်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းရဖဲ့ စစ်ရေး အခြေအနေကို စောင့်ကြည့် လေ့လာ နေသူ တယောက်က ပြောပါတယ်။
TNLA တပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ ၈ မိုင် လောက်အကွာမှာ လက်ရှိ နလအ တပ်တွေ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
မန္တလေး – လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမကြီးရဲ့ အဓိကလမ်းပိုင်းဖြစ်တဲ့ နောင်ချို – ကျောက်မဲ လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့နဲ့ ကုန်စည်စီးဆင်းမှု ပုံမှန်ပြန်ဖြစ်စေဖို့ ရည်ရွယ်ပြီး နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကို ဆင်နွှဲတာဖြစ်ကြောင်း သတင်းထုတ်ထားပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့မှာလည်း မကြာခဏ လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံရတာမျိုးရှိပြီး ဒေသခံတွေကတော့ ဘေးကင်းရာဘက် ယာယီ ရှောင်တိမ်းရှောင်နေကြတာ တွေ့ရပါတယ်။
နလအ တပ်ဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင်လ လယ်ခန့်က နောင်ချိုကို ပြန်လည်သိမ်းယူပြီးနောက် နောင်ချိုကေန ရှေ့မြောက် ကုန်သွယ်ရာ လမ်းကြောင်းပေါ်ရှိ ကျောက်မဲဘက် ဦးတည် ထိုးစစ်ဆင်နေသလို နောင်ချို ကနေ မိုးကုတ်ရတနာမြေဘက်လည်း ဦးတည်ထိုးစစ်ဆင်နေတာပါ။
Photo : Google
