တနင်္သာရီမြို့နယ်မှာ စံချိန်တင် ရေကြီးနေပြီး စစ်ရေးလည်း တင်းမာနေတာကြောင့် ကူညီကယ်ဆယ်ရေး အခက်တွေ့နေ

 

ဩဂုတ် ၁ – ၂၀၂၄
SN (VOM)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ စံချိန်တင် ရေကြီးနေပြီး စစ်ရေးလည်း တင်းမာနေတာကြောင့် ကူညီကယ်ဆယ်ရေး အခက်တွေ့နေရတယ်လို့ လူမှုကူညီရေးအသင်း‌တွေဆီက သိရပါတယ်။

တနင်္သာရီမြို့နယ်ရှိ တချို့နေရာတွေမှာ ရွာလုံးကျွတ်နီးပါး ရေဘေးလွတ်ရာရှောင်တိမ်းနေရတယ်လို့ သိရပြီး ရေဘေးသင့်တဲ့ရွာခံတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်တာတွေအပြင် သောက်ရေရဖို့တောင် ခက်ခဲနေတဲ့ ဒေသတွေလည်း ရှိတယ်လို့ သိရပါတယ်။

“လတ်တလော စစ်ရေးအခြေအနေကြောင့် လမ်းပန်းဆက်သွယ်ရေးက သွားလို့လာလို့မရတဲ့ အနေအထားဖြစ်နေတယ်။ ကျေးရွာများဘက်ကို ရောက်ဖို့က မလွယ်ဘူး။ နောက်ပြီး ရိက္ခာသယ်ယူခွင့် အကန့်အသတ်တွေလည်း ရှိနေတော့ အဆင်မပြေဘူး ဖြစ်နေတယ်” လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

အဲဒီဒေသမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့မှစတင်ကာ တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် မြို့ပေါ်ရပ်ကွက်တွေနည်းအတူ ကျေးရွာ ၁၀ ရွာထက်မနည်း ရေဘေးသင့်နေတယ်လို့ သိရပါတယ်။

တနင်္သာရီမြစ်ရေဟာ ဇူလိုင်လ ၃၁ ရက်၊ မနက်ပိုင်းက ၃၁ ပေကျော်အထိ မြင့်တက်လာခဲ့ပြီးနောက် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာ ဒါဇင်ပေါင်းများစွာမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ သိရပါတယ်။

အဲဒီမြစ်ရေစံချိန်မှာ ၁၉၉၄ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ပြီး မနေ့ ဩဂုတ် ၁ ရက်နေ့၊ မနက်ပိုင်းမှာတော့ ၁ ပေခန့် ပြန်လည် ကျဆင်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီမြစ်ရဲ့ အန္တရာယ်ရေအမှတ်မှာ ၂၄ ပေဖြစ်ပြီး လက်ရှိမှာ အဲဒီရေအမှတ်အထက် ၅ ပေကျော်မှာ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

“ရေက ရုတ်တရက်ကြီး အရမ်းတက်လာတာဆိုတော့ ရေဘေးရှောင်ဖို့နေရာတောင် လုပ်ထားတာမရှိလိုက်ရဘူး။ ရေမျက်နှာပြင်က တရက်ပြီးတရက် တအားတက်လာတာ။ တရက်ကို လက်မ ၅၀ လောက်ထိ တက်တက်နေတာ။ အရင်တုန်းက ရေတက်တယ်ဆိုတာ ဘယ်ဟုတ်မလဲ။ အိမ်စုံးစုံးမြုပ်တဲ့အထိတော့ မဖြစ်ကြဘူးပေါ့ကွယ်။ ဒီတနှစ်ကတော့ အိမ်လုံးကျွတ် စုံးစုံးမြုပ်ကြတော့တာပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။

လက်ရှိမှာ မြို့ရဲ့ လေးပုံသုံးပုံခန့် ရေကြီးနစ်မြုပ်နေတာဖြစ်ပြီး တနင်္သာရီမြို့၊ ပြည်ထောင်စုလမ်းဘက်တွေပါ ရေကျော်နေလျက်ရှိကာ ၄ ပေကနေ ၅ ပေလောက်အထိ မြင့်တက်နေတဲ့အတွက် ကားကြီးတွေတောင် ဖြတ်သန်းမောင်းနှင်လို့မရ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

ရေကြီးရေလျှံမှုကြောင့် တနင်္သာရီမြို့နယ်မှာ လူသေဆုံးသူ နှစ်ယောက် ရှိနေပြီဖြစ်ပေမယ့် မြေပြင်အခြေအနေမှာ သတင်းမရဘဲ ပျောက်ဆုံးသူတွေလည်း ရှိနိုင်သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားတာတွေလည်း ရှိနေတဲ့အတွက် ရေတွေလည်းကျ၊ တိုက်ပွဲအခြေအနေတွေလည်း ငြိမ်သက်လာရင်တော့ ဒုက္ခသည် ပြည်သူအများစုကို သွားရောက်ကူညီနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ကူညီကယ်ဆယ်ရေး အသင်းအဖွဲ့တွေက ပြောပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ဘေးရှောင် ငါးသောင်းကျော်ရှိနေတဲ့ တနင်္သာရီတိုင်းမှာ ဇူလိုင်လတတိယပတ် ဝန်းကျင်မှစကာ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အတွက် နေရာအများအပြားမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #တနင်္သာရီမြို့နယ် #စံချိန်တင် ရေကြီး #စစ်ရေး #တင်းမာနေ #ကယ်ဆယ်ရေး #အခက်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW