ရေဘေးကြောင့် စာသင်ကျောင်း ၁၂၀၀ လောက်ထိခိုက်ပျက်စီးမှုရှိ

ဩဂုတ် ၂ – ၂၀၂၄
GG (VOM)

ဇူလိုင်လအတွင်းဖြစ်ပွားတဲ ရေကြီးရေလျှံမှုကြောင့် တနိုင်ငံလုံး အတိုင်းအတာ နဲ့ အခြေခံ ပညာစာသင်ကျောင်း ၁၇၄၉ ကျောင်း ပိတ်ထားရပြီး အဲဒီထဲကမှ ကျောင်းပေါင်း ၁၁၂၀ ထိခိုက်ပျက်စီး မှုရှိခဲ့တယ်လို့သိရပါတယ်။

ရေကြီးနစ်မြုပ် နေတဲ့ ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေး တိုင်းနဲ့ ရန်ကုန်တိုင်း တွေက ကျောင်းတွေပိတ်ထားရတာဖြစ်ပါတယ်။

” ပဲခူးတိုင်းမှာကို ကျောင်းပိတ်ထားရတာ ၄၀၀ ကျော်ရှိတယ်။ပဲခူးကရေပြန်ကျတယ်ဆိုပေမယ့် ခုထိရေကစိုးရိမ်ရေမှတ်ကျော်နေတုန်းပဲ။စာမေးပွဲစစ်မယ့်ကျောင်းတွေကိုရှိတယ်။အကုန်ရက်ရွှေ့ထားတယ်။ရေလုံးလုံးကျပြီး သန့်ရှင်းရေးဘာညာလုပ်ပြီးမှသာ ပြန်ဖွင့်ကြမှာပါ။” လို့ ပဲခူးဒေသခံကပြောပါတယ်။

နစကဘက်ကတော့ လက်ရှိ ရေကြီးမှုကြောင့် ပိတ်ထားရတဲ့ ကျောင်းတွေမှာ သင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေကို ကျောင်း ယာယီပိတ်ထားရတဲ့ကာလအတွင်း ပညာသင်ကြားရေးနောက်မကျစေရေးအတွက် အစားထိုးသင်ကြားပေးမှာဖြစ်တယ်လို့ပြောပါတယ်။

ရေဘေးကြောင့် ပျက်စီးခဲ့တဲ့ ကျောင်းတွေရဲ့ ပျက်စီးမှုအခြေအနေကိုတော့ နစကဘက်က အသိပေးထားခြင်းမရှိပါဘူး။

ကျောင်းတွေပျက်စီးမှုနဲ့ပတ်သက်ပြီး ရေကြီးဒေသတွေက ဒေသခံတွေကိုမေးမြန်းချက်အရတော့ ရေကြီးနစ်မြုပ်မှုကြောင့် ကျောင်းတံခါးတွေပျက်စီးခြင်း၊စာသင်ခုံတွေပျက်စီးခြင်း၊မိုးရွာလေတိုက်လို့ သွပ်အမိုးလန်ခြင်း၊ ကျောင်းအောက်ခြေနံရံရေတိုက်စားခြင်းတွေ ဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။

” ကျွန်တော်ဘက်မှာတော့ ဆိုင်းဘုတ်ကျိုးကျတာ၊ တံခါးဘာညာပျက်စီးတာနဲ့ခုံတွေပေါ့။အဆောက်အဦးလုံးလုံးပျက်စီးတာမျိုးတော့မရှိပေမယ့်အထိုက်အလျောက်တော့ရှိတယ်။ပျဥ်ထောင်ကာကျောင်းကတော့ ရေတိုက်စားမှုပိုများတယ်။တိုက် တွေကတော့ သန့်ရှင်းရေးပိုင်းနဲ့ခုံတွေပြန်စစ်ရမှာရှိတယ်။ရေနစ်ကြာတော့ ကြံ့ခိုင်မှုပိုင်းပေါ့။ခုထိရေတွေကမကျသေးဘူး ” လို့ သာယာဝတီဒေသခံကပြောပါတယ်။

ရေကြီးနစ်မြုပ် မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ အခြေခံပညာကျောင်းတွေက ပြန်လည်ပြုပြင်ဖို့အတွက်ကို အစိုးရဆီ ဘဏ္ဍာငွေတင်ပြတောင်းခံပြီး ပြုပြင်မှာဖြစ်တယ်လို့ နစကဘက်ကဆိုပါတယ်။

ကျောင်းသားမိဘတယောက်က ” အိမ်တွေရေနစ်နေလို့ အစားအစာတောင် သူများလာလှူတာကိုစားနေရတာ။ကလေးတွေကျောင်းတက်ဖို့ကလည်းအဆင်မပြေဘူး။ကျောင်းလည်းနစ်နေတယ်လေ။ရေကျရင်တောင်ချက်ခြင်းကျောင်းတက်မရလောက်ဘူး။နူံးတွေဘာတွေတင်နေမှာ။ ” လို့ပြောပါတယ်။

အဆိုပါ ရေကြီးနစ်မြုပ်မှု​ကြောင့် အိမ်ထောင်စု ငါးသောင်းကျော်က လူဦးရေနှစ်သိန်းကျော်အထိ ရေဘေးသင့်ဒဏ်ခံစားနေရတယ်လို့သိရပါတယ်။

#Voiceofmyanmar #vom #စာသင်ကျောင်း #ရေဘေး #ထိခိုက်ပျက်စီး #ပိတ်ထားရ

Related posts

Leave a Comment

VOM News

FREE
VIEW