ငွေကြေးမူဝါဒကြောင့် စက်သုံးဆီ ရည်ညွှန်းဈေးနှုန်း မြင့်တက်လာတာလို့ လုပ်ငန်းရှင်တွေ ပြော

 

ဩဂုတ် ၃ – ၂၀၂၄
SS (VOM)

ငွေကြေးမူဝါဒ အပြောင်းအလဲကြောင့် ပြည်ပမှ တင်သွင်းရတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီ အပါအဝင် စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာတာဖြစ်တယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တွေက ပြောပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရည်ညွှန်းဈေးဖော်ပြချက်အရ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းဟာ အမျိုးအစားအလိုက် တလီတာကို ၈၅ ကျပ်မှ ၁၆၀ ကျပ်အထိ မြင့်တက်လာတာကို တွေ့ရပါတယ်။

92 Ron တလီတာ ၂၆၃၀ ကျပ်ကနေ ၂၇၇၀ ကျပ်၊ 95 Ron တလီတာ ၂၇၃၀ ကျပ်က‌နေ ၂၈၉၀ ကျပ်၊ ရိုးရိုးဒီဇယ် တလီတာ ၂၃၆၅ ကျပ်ကနေ ၂၄၅၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၇၇၀ ကျပ်ကနေ ၂၉၂၀ ကျပ်အထိ မြင့်တက်လာတာ ဖြစ်ပါတယ်။

“‌အကြောင်းရင်းက ဘာလဲဆို ငွေကြေးပိုင်းဆိုင်ရာမှာ အနည်းငယ် အပြောင်းအလဲ ရှိသွားတယ်ပဲ ပြောရမှာပေါ့။ ဒါပါပဲ။ ဌာနတွင်းကိစ္စ ဖြစ်တာကြောင့် ဒီလောက်ပဲ ပြောလို့ရမယ်” လို့ စက်သုံးဆီ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

လက်ရှိ ဈေးကွက်အတွင်း စက်သုံးဆီ ပြတ်လပ်တာ၊ ဝယ်မရတာ၊ အကန့်အသတ်နဲ့သာ ရောင်းချပေးနေတာ၊ ဈေးနှုန်း မြင့်တက်လာတာတွေကြောင့် ပို့ကုန်သာမက သွင်းကုန်တွေလည်း ဈေးမြင့်တက်လာကာ အဲဒီရဲ့အကျိုးဆက်အနေနဲ့ ကုန်ပစ္စည်းတွေအားလုံး ဈေးနှုန်း အတက်ဘက်ကို ပိုပြီး ရောက်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ အခက်တွေ့နေရတာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က “စက်သုံးဆီကတော့ ဒေါ်လာဈေးတက်လို့ စက်သုံးဆီဈေးက တက်သွားတယ်။ စက်သုံးဆီတွေကတော့ ရောက်တယ်။ ဒါပေမယ့် ကောလာဟလ သတင်းတွေနဲ့ ပြည်သူတွေကလည်း ကြောက်လန့်တာနဲ့။ ကျွန်တော်တို့နိုင်ငံက အကြောက်တရားတွေက သိပ်များသွားပြီ။ လူမှုကွန်ရက်မှာ သတင်းတခုတက်လာလို့ရှိရင် အဲဒီသတင်းကို ယုံကြည်ပြီးတော့ ကြောက်လန့်တကြားဖြစ်ကြတယ်။ တချို့ကျတော့လည်း ရှိသမျှကားတွေ တန်းစီ၊ ပြန်ရောက်ရင် ဆီပြန်ထုတ်၊ ပြန်တန်းစီဆိုတော့ သမားရိုးကျ လည်ပတ်တဲ့ စနစ်ကနေ demand နဲ့ supply မညီတော့ မလုံလောက်တာတွေ ဖြစ်လာတာပေါ့” လို့ ပြောပါတယ်။

လက်ရှိ ဈေးကွက်အတွင်း စက်သုံးဆီ ရှားပါးနေပေမယ့် စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကတော့ သီလဝါဆိပ်ကမ်းက သိုလှောင်ကန်စခန်းတွေမှာ အခု သြဂုတ်လ ဒုတိယပတ်အကုန်အထိ စက်သုံးဆီ ဖူလုံစွာသုံးစွဲနိုင်ဖို့ ကြိုတင်သိုလှောင် ဖြန့်ဖြူးပေးလျက်ရှိတယ်လို့ အသိပေးထားပါတယ်။

ဒါအပြင် စက်သုံးဆီပြတ်လပ်မှု မရှိစေဖို့ကိုလည်း ပြည်ပကနေ စက်သုံးဆီတင်သင်္ဘောတွေ စဉ်ဆက်မပြတ် ဝင်ရောက်ဖို့ စီမံကြီးကြပ် ဆောင်ရွက်ထားရှိပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါအပြင် လာမယ့် ရက်သတ္တပတ်အတွင်းမှာလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီကဏ္ဍ၊ စားသုံးဆီကဏ္ဍနဲ့ ဆေးဝါးကဏ္ဍတွေအတွက် FX Trading Platform မှတဆင့် အမေရိကန်ဒေါ်လာ ငါးသန်းနဲ့ တရုတ်ယွမ် ငါးသန်းတို့ကို ရောင်းချပေးမှာ ဖြစ်တယ်လို့ ကြေညာထားပါသေးတယ်။

ဗဟိုဘဏ်အနေနဲ့ သြဂုတ် ၁ ရက်နေ့ကလည်း စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေအပါအဝင် သွင်းကုန်လုပ်ငန်းတချို့ကို နိုင်ငံခြား ငွေကြေးဈေးကွက်အတွင်း Fx Trading Platform ကတဆင့် ထိုင်းဘတ် ၆၉ သန်းနဲ့ တရုတ်ယွမ် ကိုးသန်းကို ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #ငွေကြေးမူဝါဒကြောင့် #စက်သုံးဆီ #ရည်ညွှန်းဈေးနှုန်း #မြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW