မြန်မာနိုင်ငံသား စွန့်လွှတ်လိုသူတွေ လျှောက်ထားနိုင်ကြောင်း စင်ကာပူရှိ မြန်မာသံရုံး ထုတ်ပြန်ချက် ဝေဖန်မှုတွေရှိ



ဇန်နဝါရီ ၁၀ – ၂ဝ၂၅
KKO(VOM)

ပြီးခဲ့တဲ့ရက်ပိုင်း ယခုဇန်နဝါရီလဆန်းပိုင်းအတွင်းမှာ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက နိုင်ငံသားအဖြစ်ကနေစွန့်လွှတ်လိုသူများအနေနဲ့ စာရွက်စာတမ်းအထောက်အထားတွေနဲ့ လျှောက်ထားနိုင်တယ်လို့ထုတ်ပြန် ကြေညာလာမှုအပေါ်မှာဝေဖန်မှုတွေများစွာရှိနေတယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။

ဒါအပြင် ထုတ်ပြန်မှုအပြီး ဒီကနေ့ အထိတော့ မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်ဖို့လျှောက်ထားတာမျိုး မကြားမိသေးဘူးလို့ စင်ကာပူရောက် မြန်မာအသိုင်းအဝိုင်းထံကနေ ထပ်မံသိရပါတယ်။

“တဖက်နိုင်ငံသားကဒ်မရဘဲ အဲလိုတော့ ဘယ်သူမှမလုပ်ကြဘူး၊ မလျှောက်ကြဘူးထင်ပါတယ်။ဒီလိုနိုင်ငံသားအဖြစ်ကစွန့်လွှတ်ရအောင် လုပ်ရအောင်လည်း လူတွေကစိတ်မနှံ့တဲ့သူတွေမှမဟုတ်တာ။ တဖက်နိုင်ငံသားဖြစ်ဖို့ဆိုတာကလည်း မလွယ်ဘူးလေ။ ဒါကဘယ်လွယ်မလဲ၊ဒီမှာအလုပ်လာလုပ်ကြတဲ့သူတွေအကုန်လုံးကလည်းမြန်မာ နိုင်ငံမှာ မိဘဆွေမျိုးတွေ မိသားစုတွေကျန်ခဲ့ကြတာချည်းပဲလေ၊အချိန်တန်ရင်ကိုယ့်နိုင်ငံကိုယ်ပြန်ကြမယ့်သူတွေချည်းပါပဲ”လို့ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတယောက်က ယခုထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ သူရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးရဲ့ ထုတ်ပြန်မှုမှာတော့ နိုင်ငံသားအဖြစ်ကစွန့်လွှတ်မှုကို လျှောက်ထားလိုသူတွေအနေနဲ့ အပ်နှံရမယ့် စာရွက်စာတမ်းတွေက မြန်မာနိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားမူရင်း(လျှောက်ထားဖူးခြင်းမရှိပါက ကိုင်ဆောင်ထားခြင်းမရှိကြောင်း တင်ပြစာ)၊ အိမ်ထောင်စု စာရင်းမိတ္တူ(အိမ်ထောင် စုစာရင်းမှာ ထည့်သွင်းထားခြင်း မရှိပါက(မရှိကြောင်း တင်ပြစာ)၊ မိဘ၊ မောင်နှမတွေရဲ့အိမ်ထောင်စုစာရင်းမိတ္တူနဲ့ မွေးစာရင်းမိတ္တူ စတဲ့ စာရွက်စာတမ်းတွေ ပါရှိရမှာဖြစ်တယ်လို့ သူတို့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒါအပြင် လျှောက်ထားရာမှာ နိုင်ငံသားစွန့်လွှတ်လိုကြောင်း လျှောက်လွှာ၊ ကိုယ်ရေးအကျဉ်းချုပ်၊ စင်ကာပူ အစိုးရထံက မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ကြောင်း အထောက်အထားတောင်းခံစာတို့ကို ပူးတွဲတင်ပြရမှာဖြစ်ပြီး စာရွက်စာတမ်းတွေကို ပြန်လည်အပ်နှံနိုင်ခြင်း မရှိတဲ့ လျှောက်ထားမှုတွေကိုတော့ ထောက်ခံစာ ထုတ် ပေးမှာ မဟုတ်ဘူးလို့ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက ယခု ဇန်နဝါရီလ ၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်၊၊

ဒီလိုထုတ်ပြန်မှုအပြီးမှာ စင်ကာပူရောက် မြန်မာနိုင်ငံသားတွေအပါအဝင် ပြည်ပနိုင်ငံတွေရောက် မြန်မာနိုင်ငံသားတွေရဲ့ဝေဖန်သုံးသပ်မှုတွေဟာ အမျိုးမျိုးထွက်ပေါ်လို့လာခဲ့တာဖြစ်ပါတယ်။

“စင်ကာပူအစိုးရက သူတို့နိုင်ငံသားအဖြစ် လက်ခံကြောင်း၊အသိအမှတ်ပြုကြောင်း လွယ်လွယ်နဲ့လက်မှတ်ထုတ်ပေးရင်တော့ဒါကိုအကုန်လျှောက်ကြမယ့်သူတွေချည်းပဲ၊အခုစင်ကာပူအစိုးရကလည်းသူနိုင်ငံကို လူ အဝင်၊အထွက်တွေကအစ အလုပ်သမားခေါ်တာတွေအဆုံး အကုန်တင်းကြပ်ထားတာလေ၊အတော်လေးစိစစ်နေတာ အခုဆိုမြန်မာနိုင်ငံဘက်ကအလုပ်သမားတွေ စင်ကာပူဆို အလုပ်နဲ့လာဖို့တောင် မလွယ်တော့ဘူးလို့ ကြားတယ်။ပြီးခဲ့တဲ့နှစ်ပိုင်းတွေတုန်းကတော့ စင်ကာပူကို မြန်မာကနေထွက်ရတာလွယ်သေးတယ်၊အခုအလုပ်နဲ့ဆိုဒီဘက်ထွက်ဖို့တောင်မလွယ်တော့ဘူးပေါ့။စင်ကာပူကိုပို့ပေးတဲ့ အေးဂျင့်တော်တော်များများကလည်းလိမ်ကြတာများတယ်၊အခုဆိုပိုဆိုးတယ်လို့ ကြားတယ်”လို့ စင်ကာပူနိုင်ငံရောက် မြန်မာ နိုင်ငံသားတယောက်က ထပ်လောင်းပြောပြခဲ့ပါတယ်။

ဒါအပြင် ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားအများစုနဲ့ ပြည်ပရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ မိမိတို့ မွေးရပ်နိုင်ငံကိုစွန့်ခွာပြီးအခြား နိုင်ငံသားအဖြစ်ခံယူဖို့ဆိုတာက ရာခိုင်နှုန်းအားဖြင့် အလွန်နည်းပါးပြီး တဖက်နိုင်ငံကလည်း နိုင်ငံသားဖြစ်ခွင့်ကို လွယ်လွယ်ကူကူပေးတာမဟုတ်လို့ မိမိတို့ရဲ့နိုင်ငံသားအဖြစ်က စွန့်လွှတ်ဖို့ ဆိုတဲ့ ကိစ္စဟာ လွယ်ကူလှတဲ့ကိစ္စရပ်တခု မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ခန့်မှန်းထားကြပါတယ်

“ဒီထုတ်ပြန်မှုဟာအကြောင်းအရင်းတခုခုကြောင့် ဖြစ်ပါလိမ့်မယ်။အရင်ကဒါမျိုးမကြားမိဖူးဘူး”လို့ ပြည်ပရောက်အလုပ် သမားအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က VOM ကို ပြောပါတယ်။

အဲဒါအပြင် စင်ကာပူလိုနိုင်ငံမဆိုထားနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားလူဦးရေ အရေ အတွက်အားဖြင့်(၅)သန်းနီးပါးခန့်ရှိနေတဲ့ ထိုင်းနိုင်ငံမှာတောင် သူတို့နိုင်ငံသားဖြစ်ဖို့ရာ ခံယူဖို့ရာ မလွယ်ကူဘူးလို့ ထိုင်းရောက် မြန်မာနိုင်ငံသားတွေက ဆိုပါတယ်။

“အခြားနိုင်ငံသားဖြစ်ဖို့ ဆိုတာကစင်ကာပူမပြောနဲ့ ထိုင်းမှာတောင်မလွယ်ဘူး။ကျွန်တော်ဆို ထိုင်းမှာအနှစ်နှစ်ဆယ်ကျော်လောက်အလုပ်လုပ်လာတယ်။ဒုက္ခ‌ေတွေအများကြီးပဲ၊သူများနိုင်ငံမှာရပ်တည်လုပ်ကိုင်ဖို့ဆိုတာကရေရှည်မှာအတော်ကိုမလွယ်ကူပါဘူး။ အခုထိုင်းနိုင်ငံမှာဆိုတရား ဝင်နေထိုင်အလုပ်လုပ်ကိုင်တဲ့ သူတွေလည်းရှိသလို အထောက် အထားမဲ့ အလုပ်လုပ်နေကြရတဲ့ မြန်မာတွေလည်းအများကြီးရှိပါတယ်”လို့ ထိုင်းနိုင်ငံအတွင်းမှာ ဆယ်စုနှစ်များစွာနေထိုင် အလုပ် လုပ်ကိုင်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတယောက်က ဆက်ပြီး ပြောပြခဲ့ပါတယ်။

ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေရဲ့ ပြောကြားမှု တွေအရ လတ်တလောကာလမှာ ပြည်တွင်းမှာအလုပ်ကိုင်ရှားပါးလာမှုတွေကြောင့် မြန်မာလူငယ်၊လူရွယ်ပိုင်းအများစုဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊မလေးရှား၊စင်ကာပူနဲ့ UAE ဒူဘိုင်း၊အိုမာန် အစရှိတဲ့နိုင်ငံတွေ အပါအဝင် အာရှနိုင်ငံတွေဖြစ်တဲ့ ကိုရီးယား၊ဂျပန်နိုင်ငံတွေကိုအလုပ်အကိုင်အခွင့်အလမ်းအတွက် အများအပြားထွက်ခွာနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

“မလေးဆိုသူက ပိတ်ထားတယ်။ တရားဝင်အလုပ်သမားခေါ်ယူတာတွေ ပိတ်ထားပေမယ့်၊သူ့အဆက်အသွယ်နဲ့သူ မလေးရှားကိုအောက်လမ်းကနေထွက်နေကြတာတွေရှိတယ်။ သွားရင်စက်ရုံအလုပ်အကိုင်ပါအပြီး အစီးရမယ်ပြောတယ်။ဟိုရောက်ရင်နေစရာပါရမယ်။အခုမလေးကို သွားရင်အပြီးအစီးကုန်ကျငွေက ၈၅ သိန်းလို့ ပြောတယ်”လို့ ပြည်ပကိုထွက်ခွာ အလုပ်လုပ်ကိုင်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာလူငယ်တယောက်က VOM ကို ထပ်လောင်း ပြောပြပါတယ်။

လက်ရှိမလေးရှားနိုင်ငံမှာလည်း တရားမဝင် ရွှေ့ပြောင်းလုပ်သားဖမ်းဆီးမှု အော်ပရာဇီ တွေကို မလေးရှားအစိုးရက တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေပြီး မလေးရှားမှာ တရားမဝင်အထောက်အထားမဲ့ အလုပ်လုပ်ကိုင် နေထိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုလည်းဖမ်းဆီးထိန်းသိမ်းခံရမှုတွေ ရှိနေတယ်လို့ မလေးရှားနိုင်ငံရောက် မြန်မာအသိုင်းအဝိုင်းက ပြောပါတယ်။

“နိုင်ငံခြားရောက်တိုင်း အဆင်ပြေသွားတာမဟုတ်ပါဘူး။ဟိုဘက်နိုင်ငံတွေမှာက ရပ်တည်နေထိုင်အလုပ်လုပ်ကိုင်နိုင်ဖို့ ဆိုတာအတော်ကိုကြိုးစားရုန်းကန်ရတာပါ။အခုက နိုင်ငံခြားသွားတိုင်း ရောက်တိုင်းအဆင်ပြေကြတယ်ထင်တာ၊အခုအမေရိကရောက်နေတဲ့ သူတွေတောင် အဆင်မပြေကြတဲ့သူတွေတပုံကြီးပါ၊တဖက်နိုင်ငံနဲ့ အံ့ဝင်ခွင်ကျဖြစ်ဖို့နေ ထိုင်အလုပ်လုပ်ကိုင်ဖို့ ဆိုတာက လူနေမှုစနစ်တွေ ရေမြေအပြောင်းအလဲ ယဉ်ကျေးမှု ဓလေ့စရိုက်ကအစ ကွာခြားမှုရှိတဲ့အခါမှာ အများကြီးအခက်အခဲတွေရှိပါတယ်။ကျွန်တော်တို့ ရှေ့မှာလည်း ပြည်ပကိုအများကြီးသွားနေကြပေမယ့် ဘယ်လိုအခက်အခဲတွေရှိတယ်၊သူတို့ တွေဘယ်လိုတွေရုန်းကန်ရတယ်ဆိုတာကို ကျွန်တော်တို့ အမြဲပြန်ပြန်ကြားနေရပါတယ်”လို့ ပြည်ပရောက်မြန်မာအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဒါအပြင် စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက နိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်လိုသူများအနေနဲ့ စာရွက်စာတမ်းအထောက် အထားတွေနဲ့ လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ကြေညာလာမှုအပေါ်မှာ VOM သတင်းဌာနက လူမှုကွန်ရက် ဖေ့ဘွတ်စ်ပေါ် ရှိ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများဂရုနဲ့ စင်ကာပူအလုပ်အကိုင်ရှာဖွေရေးဂရုတွေမှာ သဘောထားစစ်တမ်းကောက်ယူကြည့်ရာမှာလည်း ယခုထုတ်ပြန်မှုအပေါ် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံတွေအနေနဲ့ စိတ်ဝင်စားမှု နည်းပါးတာကို တွေ့ရှိရပါတယ်။

Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW