မိုးသည်းထန်စွာ မြစ်ရေမြင့်တက်လာတာကြောင့် ကျောက်တော်မှာ လယ်ဧက ထောင်နဲ့ချီ ရေမြုပ်

 

ဩဂုတ် ၃ – ၂၀၂၄
SN (VOM)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ကုလားတန်မြစ်ရေ မြင့်တက်လာမှုကြောင့် လယ်ဧက ထောင်နဲ့ချီ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကုလားတန်မြစ်ရေ မြင့်တက်လာမှုကြောင့် ယိုးချောင်းဒေသရှိ ကန်စောက်၊ ပန်းဖဲချောင်း၊ ချောင်းတူ၊ ခွဆုံနဲ့ အုတ်သောင်ပြင် စတဲ့ ကျေးရွာတွေမှာ ရေဝင်ရောက်နေပြီး ရေအမြင့် ၃ ပေ ကနေ ၄ ပေလောက်အထိ မြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။

“ရေက ပြီးခဲ့တဲ့ ဇူလိုင်လ တတိယပတ်ကတည်းက စတက်တာ။ အခုထိ မကျသေးဘူး။ မိုးကလည်း ခုထိ ရွာတာမရပ်သေးဘူး။ အရမ်းသည်းနေတုန်း။ လယ်ကွင်းတွေအားလုံးလည်း ရေတွေလွှမ်းကုန်ပြီ။ လယ်ကွင်းတိုင်းလိုလိုမှာ ရေဝင်နေတာ ဆိုတော့ ဧက အတိအကျတော့ ပြောလို့မရသေးဘူး။ ခန့်မှန်းခြေဆိုရင်တော့ လယ်ဧက ထောင်နဲ့ချီပြီး ရှိနိုင်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

အခုလို လယ်ကွင်းတွေ ရေလွှမ်းကုန်တဲ့အတွက် ရေပြန်ကျသွားတဲ့အခါ နွံဖုံးတာတွေနိုင်သလို ဆားငန်ရေတွေ ဝင်ရောက်ထားတာကြောင့်လည်း စပါးခင်းတွေ လုံးဝ ပျက်စီးသွားနိုင်တယ်လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။

“ဒီနှစ်က အစစအရာရာ ဈေးတက်ပြီး ရှားပါးနေတာဆိုတော့ စိုက်ပျိုးစရိတ်အတွက်ကို အရင်းအနှီးအများကြီးနဲ့ကို ထွန်ယက်စိုက်ပျိုးထားရတာ။ အရင်က စိုက်ပျိုးစရိတ် ကျပ် ငါးသိန်းလောက်ပဲကုန်တယ်။ ၁၀ သိန်းအထက်မှာ ရှိနေတယ်။ သွင်းအားစုဈေးနှုန်းတွေကလည်း အဆမတန် တက်လာတာကိုး။ အဲဒါကြောင့် ဒီ စပါးပင်တွေသာ သေသွားရင် နောက်ထပ် ထပ်ရင်းနိုင်ဖို့ မသေချာတော့ဘူး” လို့ သူက ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ဆို့ထားတာကြောင့် ဒီဇယ် တပေပါကို ကျပ် သိန်း ၃၀ နီးပါးအထိ ပေါက်ဈေးရှိနေသလို ဓာတ်မြေဩဇာကတော့ တအိတ်ကို ကျပ် သုံးသိန်းကနေ ငါးသိန်းအထိ ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

အဲဒီလို လယ်ယာသွင်းအားစုစရိတ် ကြီးမားမှုတွေကြောင့် ရခိုင်မှာ စိုက်ပျိုးနိုင်တဲ့ လယ်ဧက ၁၀ သိန်းကျော်ရှိတဲ့အနက် ဧက ထက်ဝက်ခန့် စိုက်ပျိုးမှု လျော့ကျသွားနိုင်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

#voiceofmyanmar #VOM #ရခိုင်ပြည်နယ် #ကျောက်တော်မြို့ #မိုးသည်းထန် #မြစ်ရေမြင့်တက် #လယ်ဧက #ထောင်နဲ့ချီ #ရေမြုပ်

Related posts

Leave a Comment

VOM News

FREE
VIEW