ရွှေစက်တော် အောက်စက်တော်ရာထိရောက်နေတဲ့ မန်းချောင်းရေ ပြန်မကျသေး

 

ဩဂုတ် ၃ – ၂၀၂၄
SS (VOM)

တောင်ကျချောင်းရေနဲ့ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံ ပင်မရေပိုလွှဲမှ ရေကျော်နေတဲ့အတွက် မင်းဘူးမြို့နယ်ရှိ ရွှေစက်တော် အောက်စက်တော်ရာမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ ရေပြန်လည် ကျဆင်းခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်ကတည်းက အောက်စက်တော်ရာအတွင်း ရေဝင်ရောက်နေတာဖြစ်ပြီး ဩဂုတ် ၂ ရက်နေ့မှာတော့ ရေပိုပြီး အတက်ကြမ်းလာတယ်လို့ သိရပါတယ်။

မန်းချောင်း ရေလှောင်တမံဟာ မနေ့ သြဂုတ် ၂ ရက်၊ မနက် ၆ နာရီ အချိန် တိုင်းတာချက်အရ ရေပိုလွှဲမှ ၅ ပေခွဲကျော်အထိ ရေလျှံနေတာကြောင့် မန်းချောင်းနံဘေးရှိ ရွှေစက်တော်ဘုရား အောက်ခြေတော်ရာ တန်ဆောင်းအတွင်း ရေအဝင်ကြမ်းနေတာလို့ သိရပါတယ်။

“မနေ့ (ဩဂုတ် ၂ ရက်) ကတော့ ရေတက်တာ မွန်းလွဲပိုင်းလောက်ထိ ပြန်မကျဘူး။ ထပ်လည်း မတက်တော့သလို ပြန်လည်း မကျဘဲ တန့်နေတာ။ ညနေကျတော့ ၃ လက်မလောက် ထပ်တိုးတယ်။ ဒီနေ့ (ဩဂုတ် ၃ ရက်) မှာတော့ နည်းနည်းတော့ ပြန်လျော့သွားပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။

မနေ့ ဩဂုတ် ၂ ရက်နေ့၊ မွန်းလွဲ ၃ နာရီခွဲလောက်က မန်းချောင်းရေဟာ အောက်စက်တော် ဖန်အုပ်ဆောင်မှာ ၁ ပေနဲ့ ၃ လက်မခန့်၊ အရှေ့အာရုံခံ တန်ဆောင်းမှာတော့ ၂ ပေနဲ့ ၈ လက်မခန့် ဝင်ရောက်ခဲ့ပြီး ညနေ ၆ နာရီ၊ မိနစ် ၄၀ ဝန်းကျင်မှာတော့ အရင်ရေထက် ၃ လက်မခန့် ထပ်တိုးလာတယ်လို့ သူက ပြောပါတယ်။

ဒီကနေ့ ဩဂုတ် ၃ ရက်နေ့၊ မနက် ၅ နာရီခွဲမှာတော့ မန်းချောင်းရေဟာ ၁ ပေနဲ့ ၄ လက်မခန့် လျော့လာပြီး ခြေတော်ဖန်အုပ်ဆောင်ရှေ့မှာ ၁ ပေ၊ အာရုံခံတန်ဆောင်းရှေ့မှာ ၂ ပေခန့် ရှိတယ်လို့ သိရပါတယ်။

အဲဒီ မန်းရွှေစက်တော်ဘုရားကြီးမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မေလက မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေ စီးဆင်းလာတဲ့အတွက် ပန်းထိမ်းမန်းချောင်းနဲ့ ငဖဲမန်းချောင်းအတွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ရေကြီးမှုဖြစ်စဉ်မှာ မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာရင်ပြင်အထက် ပန်းဆွဲကိုရောက်ဖို့ ၂ ပေခန့်သာ လိုတော့တဲ့အထိ မန်းချောင်းရေတွေ ဖြတ်ကျော် စီးဆင်းခဲ့တာကြောင့် ရွှေစက်တော်မန်းချောင်း အောက်ပိုင်းတလျှောက်ဒေသတွေ ရေကြီးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ မန်းချောင်းရေလှောင်တမံ အပါအဝင် ကြီးအုံကြီး၀နဲ့ မုန်းရေလှောင်တမံတွေ ပင်မရေပိုလွှဲမှ ရေကျော်နေတာကြောင့် မုန်းနဲ့ မန်းချောင်းတလျှောက် နေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ ဂရုပြုဖို့လိုအပ်တယ်လို့ ဆည်မြောင်းနှင့် ရေအသုံးချရေး စီမံခန့်ခွဲရေးဦးစီးဌာနက သတိပေး ကြေညာထားပါတယ်။

#voiceofmyanmar #VOM #မန်းချောင်းတမံ #ရေကျော် #ရွှေစက်တော် #အောက်စက်တော်ရာ #ရေဝင်ရောက်

Related posts

Leave a Comment

VOM News

FREE
VIEW