ရန်ကုန်နဲ့ နေပြည်တော်မှာ MNDAA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်

 

ဩဂုတ် ၆ – ၂၀၂၄
SS (VOM)

ရန်ကုန်နဲ့ နေပြည်တော်မှာ ဒီကနေ့ ဩဂုတ် ၆ ရက်၊ မနက်ပိုင်းက ကိုးကန့်တပ်ဖွဲ့ (MNDAA) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီ ကန့်ကွက်ရှုတ်ချပွဲတွေကို ရန်ကုန်မြို့က မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ မနက် ၉ နာရီမှာလည်းကောင်း၊ နေပြည်တော်က မြို့တော်ခန်းမရှေ့မှာ မနက် ၁၀ နာရီမှာလည်းကောင်း ပြုလုပ်ခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုး ကုတင် (၁၀ဝ) ဆေးရုံကို ကိုးကန့်တပ်ဖွဲ့ (MNDAA) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အကြမ်းဖက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

“လူတွေကတော့ အများကြီးပဲ တွေ့ခဲ့ရတယ်။ လုံခြုံရေးတွေလည်း အဲဒီနားတဝိုက်မှာ အများကြီးပဲ။ လမ်းတွေလည်း ပိတ်ထားတယ်။ ကားတွေ ဘယ်ကားမှ ဖြတ်လို့မရဘူး။ လိုင်းကားလည်း တခြားမှာ သွားရပ်ရတယ်” လို့ ရန်ကုန်မြို့ရှိ မြို့တော်ခန်းမရှေ့ ရှုတ်ချပွဲကို မျက်မြင် တွေ့ခဲ့ရသူတယောက်က ပြောပါတယ်။

ရန်ကုန်မြို့က ကန့်ကွက်ရှုတ်ချပွဲကို လူဦးရေ ၆၀၀၀ ဝန်းကျင် တက်ရောက်ခဲ့တယ်လို့ သတင်းဌာနအချို့က ဖော်ပြထားပါတယ်။
အဲဒီပွဲကို တက်ရောက်မယ့်သူတွေ အတွက်လည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ YBS ယာဉ် ၉၁ စီး ပြေးဆွဲပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပြီး CNG ဦးစားပေးရောင်းချပေးနိုင်ဖို့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနကို မနေ့ ဩဂုတ် ၅ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားချက်တစောင် ထုတ်ပြန်ထားတာတွေ့ရပါတယ်။

Photo: ကိုချစ်

#voiceofmyanmar #VOM #ရန်ကုန် #နေပြည်တော် #MNDAA #ပူးပေါင်းတပ်ဖွဲ့ #ကန့်ကွက် #ရှုတ်ချပွဲပြုလုပ်

Related posts

Leave a Comment

VOM News

FREE
VIEW