တကောင်းမြို့ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထား

 

ဩဂုတ် ၁၃ – ၂၀၂၄
SS (VOM)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကို ဒေသတွင်း လက်နက်ကိုင်ပူးပေါင်းတပ်တွေ မနေ့ ဩဂုတ် ၁၂ ရက်နေ့က ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တကောင်းမြို့ရှိ ရှေးဟောင်း လေးမျက်နှာဘုရားဝင်းထဲက နောက်ဆုံးကျန်ရှိတဲ့ နစကတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် မနေ့ နေ့လယ်ပိုင်းမှာ မြို့ကို အပြီးသတ် ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“တိုက်ပွဲက ဩဂုတ် ၁၁ ရက်နေ့ကစပြီး ပြင်းထန်ခဲ့တာ။ မြို့ပေါ်မှာရှိတဲ့ နစကရဲ့ အထိုင်စခန်းတွေထဲက တိုက်နယ်ဆေးရုံနဲ့ ရဲစခန်းက တပ်ဖွဲ့တွေက ၁၁ ရက်နေ့မှာ လက်နက်ချပေမယ့် လေးမျက်နှာဘုရားဝင်းထဲက တပ်တွေကတော့ လက်နက်မချဘဲ လေကြောင်းအကူနဲ့ ပြန်တိုက်ခဲ့တာ။ မြို့ပေါ်တိုက်ပွဲ နှစ်ရက်ကြာတယ်။ လေးမျက်နှာစေတီလည်း တော်တော်ပျက်စီးသွားတယ်။ မနေ့ နေ့လယ်ပိုင်းမှာတော့ မြို့ကိုအလုံးစုံ ထိန်းချုပ်နိုင်သွားတာပေါ့။ အခုကတော့ မြေပြင်မှာ ပစ်တာခတ်တာတွေတော့ မရှိတော့ဘူး။ လေကြောင်းရန်ကိုပဲ သတိထားနေရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

တိုက်ပွဲသတင်းကြောင့် မြို့ခံအများအပြားကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှစတင်ကာ ဘေးလုပ်ရာကို ရှောင်တိမ်းကြပြီးဖြစ်ပေမယ့် တချို့ကျေးရွာတွေထဲမှာတော့ ဒေသခံအနည်းငယ် ကျန်ရှိတယ်လို့ သိရပါတယ်။

နှစ်ရက်တာ ပြင်းထန်ခဲ့တဲ့ တိုက်ပွဲကြား လက်နက်ကြီး ထိမှန်တာ‌ကြောင့် ဒေသခံပြည်သူ အမျိုးသမီးကြီး တယောက် သေဆုံးပြီး အမျိုးသမီးငယ် တယောက်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ တကောင်းမြို့ အပါအဝင် တကောင်းမြို့အနီးက သပိတ်ကျင်းနယ် အင်းနက်ရွာ၊ ကြာညှပ်ရွာနဲ့ ထီးချိုင့်နယ်က တရုတ်ပိုင် နီကယ်စက်ရုံနဲ့ မောင်းကုန်းရွာတွေကို လက်နက်ကိုင်တပ်တွေက သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း မြောက်ဘက်မှာရှိတဲ့ တကောင်းမြို့ဟာ တကောင်း ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် ထင်ရှားတဲ့ မြို့ဟောင်းတခု ဖြစ်ပြီး အိမ်ခြေ သုံးထောင်ကျော်ရှိကာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာ တည်ရှိတဲ့မြို့ ဖြစ်ပါတယ်။

Photo:CJ

#voiceofmyanmar #VOM #မန္တလေးတိုင်း #တကောင်းမြို့ #လက်နက်ကိုင် #ပူးပေါင်းတပ်တွေ #ထိန်းချုပ်

Related posts

Leave a Comment

VOM News

FREE
VIEW