နိုင်ငံတဝန်း စက်သုံးဆီပြတ်လပ်မှု ပိုမိုဆိုးရွားလာပြီး ညအိပ်စောင့်ဆိုင်း ဝယ်ယူရမှုတွေရှိနေ

 

ဩဂုတ် ၁၃ – ၂၀၂၄
SN (VOM)

မြန်မာတနိုင်ငံလုံးမှာ စက်သုံးဆီပြတ်လပ်မှု အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိနေပြီး ဆီဆိုင်တွေရှေ့မှာ ညအိပ်စောင့်ဆိုင်း တန်းစီနေရတဲ့အထိ စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နေတယ်လို့ မြို့နေပြည်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှစတင်ကာ တနိုင်ငံလုံးမှာ စက်သုံးဆီ ရှားပါးပြတ်လပ်ခဲ့တာဖြစ်ပြီး ရက်ပေါင်း ၂၀ နီးပါး ကြာမြင့်လာချိန်အထိ ဆီပြတ်လပ်မှု ပြေလည်လာခြင်းမရှိဘဲ အရောင်းဆိုင်တွေမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်း တန်းစီနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

“ဆီရဖို့ တခါတန်းစီရင် အချိန် သုံးနာရီလောက်ပေးရတယ်။ တနေ့ တနေ့ကို ဒီတနေရာတည်းမှာပဲ အချိန်တွေ အလဟဿကုန်နေရတာ။ ရန်ကုန်မှာက မြို့ထဲက ဆီဆိုင်တော်တော်များများမှာ ဆီက ရှိကိုမရှိတော့တာ။ ဆိုင်တိုင်းလိုလိုပိတ်ထားတယ်။ ရှိတဲ့နေရာကျတော့လည်း ကားက နှစ်ထပ်၊ သုံးထပ်နဲ့ ကားတန်းကလည်း အရှည်ကြီးပဲ။ အင်းစိန်၊ ရွာမကွေ့ကဆီဆိုင်ဆိုရင် ကားတန်းက ဆင်မလိုက်အထိရောက်တယ်။ တချို့ဆို ညကတည်းက အိပ်ပြီးစောင့်နေကြတာဆိုတော့ တော်ရုံ တိုးဖို့ကမလွယ်ဘူး” လို့ ကုမ္ပဏီယာဉ်မောင်းတယောက်က ပြောပါတယ်။

အခု ဩဂုတ်လ ဒုတိယပတ်မှာတော့ စက်သုံးဆီရရှိမှု အခြေအနေတွေ ပိုမို ဆိုးရွားလာနေတာဖြစ်ပြီး ဆီဆိုင်အများစု ပိတ်ထားတာကြောင့် အငှားယာဉ်မောင်းတချို့ ပြေးဆွဲမှု ရပ်နားထားရတယ်လို့ သိရပါတယ်။

“ဆီတခါထည့်ဖို့ ဘယ်ဆိုင်ဖွင့်လဲ လိုက်ရှာနေရတာနဲ့ ကားထဲမှာရှိတဲ့ဆီပါ ကုန်တယ်။ အဲဒါကြောင့် ခဏရပ်ထားရတယ်။ ဆီက ဖွင့်တဲ့ဆိုင်တွေမှာတော့ တခါဝယ်ရင် နှစ်သောင်းဖိုး ရောင်းပေးတဲ့ဆိုင်ရှိသလို သုံးသောင်းဖိုး ရောင်းပေးတဲ့ဆိုင်လည်း ရှိတယ်။ အများဆုံး သုံးသောင်းဖိုးပဲ။ အဲဒီထက်လည်း ပိုမရောင်းဘူး။ ညအိပ်စောင့်ရတာတော့ ဩဂုတ် ၅ ရက်နေ့လောက်ကတည်းက ဖြစ်နေတာ။ မြို့ထဲမှာ ပန့်ဆိုင်တွေ တော်တော်များများကို ပိတ်ထားတာ” လို့ အငှားယာဉ်မောင်းတယောက်က ပြောပါတယ်။

ရန်ကုန်မြို့က စက်သုံးဆီ ဈေးနှုန်းတွေကတော့ ဓာတ်ဆီ 92 တလီတာ ၂၇၅၀ ကျပ်၊ ဓာတ်ဆီ 95 တလီတာ ၂၈၉၅ ကျပ်၊ ဒီဇယ် တလီတာ ၂၄၅၀ ကျပ်၊ ပရီမီယံဒီဇယ်ဆီ တလီတာ ၂၉၄၅ ကျပ် ရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့အပြင်‌ နေပြည်တော်၊ မန္တလေးတိုင်းနဲ့ အခြားသော တိုင်းနဲ့ ပြည်နယ်တွေမှာလည်း စက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာလည်း ဆီဆိုင်အများစုက စက်သုံးဆီကို နာရီအနည်းငယ်သာ ရောင်းချပေးတာဖြစ်ကာ ဆီကုန်သွားပြီလို့ ပြောဆိုနေကြတဲ့အတွက် ပြင်ပ မှောင်ခို ဆီဆိုင်တွေဆီကနေ ဆီဝယ်ယူသုံးစွဲနေရတယ်လို့ သိရပါတယ်။

“ဆီက ပြန်ရောင်းတဲ့သူတွေ များနေတော့ တနေရာတည်းမှာပဲ ပြုံတိုးနေတဲ့သူတွေ များနေတာ။ ကျွန်တော်တို့လို့ ယာဉ်မောင်း‌တွေကတော့ မြန်တဲ့ဆိုင်၊ အဆင်ပြေမယ့်နေရာ လိုက်ရှာပြီး ဆီထည့်ရတာ။ ဆီဈေးကကျတော့ အပြင်မှာက တလီတာ ၆၀၀၀ ၊ ၆၅၀၀ ကျပ်နဲ့ ရောင်းတယ်။ တချို့က ၄၅၀၀ ရောင်းတယ်။ ရင်းနှီးရင် ရင်းနှီးသလို ရောင်းတယ်။ ပန့်ဈေးကတော့ ၂၈၃၀ ပဲ” လို့ မန္တလေးမြို့က မီနီအိုးဝေ မောင်းနှင်သူတယောက်က ပြောပါတယ်။

မန္တလေးက ပန့်ဆိုင်တွေမှာ မီနီအိုးဝေယာဥ်မောင်းတွေကို စက်သုံးဆီ အများဆုံး ကျပ် တသောင်းခွဲဖိုးသာ ရောင်းပေးပြီး ကားတွေကိုတော့ အများဆုံး ကျပ် ငါးသောင်းဖိုးလောက်အထိသာ အကန့်အသတ်နဲ့ ရောင်းချပေးကာ ဆီတခါတန်းစီရင်တော့ အနည်းဆုံး နာရီဝက်ကနေ နှစ်နာရီလောက်အထိ ကြာမြင့်တယ်လို့ သူက ပြောပါတယ်။

အခုတကြိမ် ဆီပြတ်လပ်မှုဟာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် တတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက တကြိမ်၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတုန်းက တကြိမ် စက်သုံးဆီ ပြတ်လပ်ပြီး ဈေးမြင့်တက်တာတွေ ဖြစ်ခဲ့ပါသေးတယ်။

Photo:CJ

#voiceofmyanmar #VOM #မြန်မာတနိုင်ငံလုံး #စက်သုံးဆီ #ပြတ်လပ်မှု #အဆိုးရွားဆုံး #အခြေအနေ #ရောက်ရှိ

Related posts

Leave a Comment

VOM News

FREE
VIEW