မောင်တော Unicef ရုံးမှာ UN ဒေသဆိုင်ရာဝန်ထမ်းနဲ့ မိသားစုဝင်တွေ ပိတ်မိနေ

 

ဩဂုတ် ၁၃ – ၂၀၂၄
SN (VOM)

ရခိုင်ပြည်၊ မောင်တောမြို့၊ မြို့မကညင်တန်းရှိ Unicef ရုံးမှာ ကုလသမဂ္ဂ (UN) ဒေသဆိုင်ရာ ဝန်ထမ်းနဲ့ မိသားစုဝင် ၂၃ ယောက်ပိတ်မိနေကြဆဲဖြစ်တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

မောင်တောမြို့ တိုက်ပွဲကြား ပိတ်မိနေကြတဲ့ အရပ်သားပြည်သူတွေကို အာရက္ခတပ်တော် (AA) က သြဂုတ်လ ၇ ရက်မှစတင်ကာ ကယ်ထုတ်နေခဲ့ပေမယ့်လည်း မြို့မကညင်တန်းရှိ Unicef ရုံးမှာတော့ ပိတ်မိနေသူတွေ ရှိနေကြဆဲဖြစ်သလို မြို့တွင်းမှာလည်း နေထိုင်မကောင်းသူနဲ့ မသန်စွမ်းသူတချို့ပါ ကျန်ရှိနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

“တိုက်ပွဲတွေ ပြင်းထန်နေတော့ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး။ အခြေအနေတွေကလည်း ရှုပ်ထွေးနေတာ။ လက်နက်ကြီး ကျတာတွေလည်း ရှိနေတော့ လူတွေက စိုးရိမ်စိတ်နဲ့ ဘယ်မှ မသွားရဲကြဘူး။ ကျွန်တော်တို့အဖွဲ့တွေ သွားကူဖို့ကလည်း အခက်အခဲတွေ ရှိနေတယ်။ AA ကတော့ လူတွေကယ်ထုတ်နေတာ ရှိပေမယ့် ပိတ်မိနေတဲ့သူတွေ ကျန်နေသေးတယ်” လို့ ဒေသခံ လူမှုကူညီရေးအသင်းတာဝန်ခံက ပြောပါတယ်။

လက်ရှိမှာ မောင်တောမြို့ရှိ စခန်းအားလုံးနီးပါးကို AA က ထိန်းချုပ်ထားနိုင်ပြီး လက်ကျန်စခန်းအနည်းငယ်ကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် လက်ရှိမှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြသူတွေလည်း ရှိနေပြီး နေထိုင် စားသောက်‌ရေးအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေကြတယ်လို့ သိရပါတယ်။

လက်ရှိ မောင်တောမြောက်ပိုင်းမှာ စစ်ဘေးရှောင် ‌‌ခြောက်ထောင်ကျော်ရှိနေပြီး လက်တလော တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာသူ သုံးထောင်ကျော်နဲ့ ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားချိန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကစလို့ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် သုံးထောင် ကျော်လည်းပါဝင်ကာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

“စစ်ရှောင်တွေအတွက် ယာယီခိုလှုံဖို့ အိမ်တွေလည်း မရှိ၊ စားစရာလည်း မရှိ၊ ဆေးမရှိ၊ ဆရာဝန်မရှိ။ လမ်းပေါ် အိပ်နေရတဲ့ အနေအထားပါ။ တော်တော် ဒုက္ခရောက်နေကြတယ်။ အရေးပေါ် အကူအညီတွေ အများကြီး လိုအပ်နေတာပါ” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။

လက်ရှိမှာ AA က စစ်ဘေးရှောင်တွေအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနေပေမယ့်လည်း လူဦးရေများပြားတာကြောင့် လုံလောက်မှုမရှိ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

ရခိုင်ဒေသမှာ နစကတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး လက်ရှိမှာ အချိန်ကာလအားဖြင့် ကိုးလနီးပါး ကြာမြင့်လာပြီဖြစ်ကာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသူဦးရေ ခြောက်သိန်းကျော်အထိရှိနေပြီး စားနပ်ရိက္ခာ ကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

Photo:CJ

#voiceofmyanmar #VOM #မောင်တော #Unicefရုံး #UN #ဒေသဆိုင်ရာဝန်ထမ်း #မိသားစုဝင် #ပိတ်မိ

Related posts

Leave a Comment

VOM News

FREE
VIEW